Home » » စက်စဲနှင့် ကျိုက္ခမီကမ်းခြေရှိ ကျောက်နှင့် သဲထုတ် လုပ်ငန်းများ ပြည်နယ် အစိုးရ ပိတ်ပင်

စက်စဲနှင့် ကျိုက္ခမီကမ်းခြေရှိ ကျောက်နှင့် သဲထုတ် လုပ်ငန်းများ ပြည်နယ် အစိုးရ ပိတ်ပင်

Written By Unknown on Tuesday, October 15, 2013 | 4:27 PM

မော်လမြိုင်၊ အောက်တိုဘာ ၁၄

မွန်ပြည်နယ်ရှိ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်သော နေရာများ ဖြစ်သည့် စက်စဲကမ်းခြေ၊ ကရင်တောင် ကမ်းခြေနှင့် ကျိုက္ခမီကမ်းခြေတို့တွင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက်စရစ်နှင့် သဲစုပ်ယူခြင်း လုပ်ငန်းများကို မွန်ပြည်နယ် အစိုးရက ပိတ်ပင်လိုက်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်က ပြောကြားသည်။

ယင်းကမ်းခြေများတွင် ကျောက်စရစ်နှင့် သဲအမြောက်အမြား ထုတ်ယူခြင်းကြောင့် ကမ်းပါးပြိုကြခြင်းများ ဖြစ်ပွားမှု မြင့်တက်လာပြီး အပန်းဖြေကမ်းခြေများ အတွင်းတွင် မြေနုကျွန်းများ ဆက်တိုက် ထွန်းကားလာသဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လာသောကြောင့် ယင်းလုပ်ငန်း များကို ပိတ်သိမ်းရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကျိုက္ခမီကမ်းခြေမှာ ပေ ၁၃၀၀ ကျော် ကမ်းပါးပြိုကျမှုတွေ ဖြစ်သွားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

စက်စဲကမ်းခြေတွင် ဟိုတယ် ဆောက်လုပ်ရန် ကမ်းခြေရှိသဲများကို စုပ်ယူခြင်းကြောင့် ယခုနှစ် မိုးရာသီတွင် ကမ်းခြေဘေးရှိ လယ်ဧက ၁၅၀ ကျော်ကို အကာအကွယ် ပေးထားသော ရေငန်တား တမံများ နှစ်ကြိမ်ကျိုးပျက်ခဲ့ကြောင်း စက်စဲအုပ်ချုပ်ရေးမှူး ဦးလှလွန်းရှိန်က ရှင်းပြသည်။
“သဲစုပ်တာများတော့ သဲတွေနေရာ နုန်းတွေဝင်လာပြီး ကမ်းခြေပျောက်မှာ တောင်စိုးရတယ်” ဟု စက်စဲကျေးရွာမှ ဒေသခံဦးဟန်မြင့်က ဆိုသည်။

စက်စဲကမ်းခြေတွင် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ဟိုတယ် ဆောက်လုပ်ခွင့်ကို မွန်ပြည်နယ် အစိုးအရက ခွင့်ပြုထားသော်လည်း ဟိုတယ် ဆောက်လုပ်ရာတွင် ယင်းကမ်းခြေရှိသဲများကို ဆောက်လုပ်ရေးအတွက် ထုတ်ယူသုံးစွဲခွင့် မပြုကြောင်း မွန်ပြည်နယ် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ဆိုသည်။

ယင်းကဲ့သို့ သဲများစုပ်ယူပါက သက်ဆိုင်ရာ မြစ်ကြောင်း ထိန်းသိမ်းရေးနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့တွင် ခွင့်ပြုလိုင်စင် လျှောက်ထားရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းကမ်းခြေများအနီး သဲထုတ် လုပ်ငန်းများသည် ပတ်ဝန်းကျင် ထိခိုက်မှုများ ရှိလာသဖြင့် ပြည်နယ် အစိုးရအဖွဲ့က ပိတ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း ဦးမျိုးညွန့်က ဆိုသည်။

The Voice Weekly