Home » » သံတွဲပဋိပက္ခကြောင့် ဖမ်းဆီးခံရသူ ၃ဦး ပြန်လည်လွတ်ပေး

သံတွဲပဋိပက္ခကြောင့် ဖမ်းဆီးခံရသူ ၃ဦး ပြန်လည်လွတ်ပေး

Written By Unknown on Tuesday, October 15, 2013 | 8:44 AM

ရခိုင်ပြည်နယ် ​သံတွဲမြို့မှာဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခတွေနဲ့ ​ပတ်သက်ပြီး ​ကျောက်ဖြူထောင်မှာ ​ဖမ်းဆီးခံထားရတဲ့ ​ရခိုင်တိုင်းရင်းသား ​၁၇ဦးထဲက ​၃ဦးကို ​မနေ့ ​ညနေပိုင်းက ​ပြန်လွတ်ပေးလိုက် ​တယ်လို့ ​သိရပါတယ်။

သံတွဲမြို့မှာ ​စက်တင်ဘာ ​၂၉ရက်နေ့က ​ဗုဒ္စဘာသာသာသနာအလံပါတဲ့ ​သုံးဘီးဆိုင်ကယ်ရပ်နားတဲ့ကိစ္စနဲ့ ​ပတ်သက်ပြီး ​ကမန်မွတ်စလင် ​အမျိုးသားတစ်ဦးနဲ့ ​ရခိုင်ဒေသခံ ​တစ်ဦးတို့ကြား ​အငြင်းပွားမှုတွေကြောင့် ​ ပဋိပက္ခတွေ ​ဖြစ်ပွားခဲ့ပြီးနောက် ​ပဋိပက္ခမှာ ​ပါဝင်ပတ်သက်သူတွေလို့ ​သံသယရှိတဲ့သူတွေကို ​ဖမ်းဆီးမှု ​တွေပြုလုပ်ခဲ့ ​တာဖြစ်ပါတယ်။

သံတွဲပဋိပက္ခ ​နဲ့ ​ပတ်သက်ပြီး ​စက်တင်ဘာ ​၂၈ရက်ကနေ ​အောက်တိုဘာ ​၁၃ရက်အတွင်းမှာ ​လူ ​ပေါင်း ​၇၈ဦးကို ​အာဏာပိုင်တွေက ​ဖမ်းဆီးစစ်ဆေးနေပြီးတော့ ​ပဋိပက္ခအတွင်းမှာ ​သေဆုံးသူ ​၇ဦး ​ဒဏ်ရာရသူ ​၅ဦး၊ ​လူနေအိမ် ​၁၁၂လုံး၊ ​ဘာသာရေးအဆောက်အအုံ ​၃လုံး၊ ​ဆီဂိုဒေါင် ​၁လုံးမီးလောင်ပျက်စီးခဲ့ပြီး ​လူဦးရေ ​၄၈၇ ​ဦး ​အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်လို့ ​မနေ့ကထုတ်တဲ့ ​ကြေးမုံသတင်းစာမှာ ​ဖော်ပြထားပါတယ်။

ကျောက်ဖြူထောင်မှာ ​ဖမ်းဆီးခံထားရတဲ့ ​ရခိုင်လူမျိုး ​၃ဦး ​ပြန်လည်လွတ်မြောက်လာတာနဲ့ပတ်သပ်ပြီး ​သံတွဲမြို့ ​အမျိုးဘာသာသာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ​ဒုဥက္ကဌ ​ဆရာတော်တစ်ပါးက ​အခုလိုမိန့်ကြားခဲ့ပါတယ်။

“ဒီနေ့ကျောက်ဖြူထောင်ထဲက ​၃ယောက်လွတ်မြောက်လာတယ်ပေါ့၊ ​တယောက်ကတော့ ​ရှင်းရှင်းလင်းလင်း ​လွတ်ပေးလိုက်ပြီးတော့ ​ကျန်တဲ့ ​၂ယောက်ကတော့ ​ကြိုးခြေကျင်းနဲ့ ​ပြန်လွတ်ပေးတယ်လို့ ​မြင်ပါတယ်၊ ​အာမခံ ​၂ယောက်ပေးရပါတယ်သူတို့ကို ​အချိန်မရွေး ​ပြန်ဖမ်းနိုင်တယ်ဆိုတဲ့အကြောင်းပေါ့၊ ​၀င်းကိုလေးဆိုတဲ့ ​ဒကာတယောက်ကတော့ ​သူကတော့ ​ဘာမှအာမခံပေးစရာမလိုပဲ ​လွတ်လွတ်ရှင်းရှင်းလွတ်လာတဲ့သဘောပေါ့။” 

ပြန်လွတ်လာတဲ့ ​၃ယောက်ထဲမှာ ​ဦးဝင်းကိုလေးက ​သံတွဲမြို့နာရေးကူညီမှုအသင်းကဖြစ်ပြီး ​ကျန်တဲ့ ​၂ယောက် ​ဖြစ်တဲ့ ​ကိုဌေးအောင်နဲ့ ​ကိုမြင့်မိုးအောင်(ခ)ကိုငယ် ​တို့ကတော့ ​သံတွဲမြို့အမျိုး ​ဘာသာသာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကဖြစ်တယ်လို့ ​ပြောပါတယ်။

လောလောဆယ် ​ကျောက်ဖြူထောင်မှာ ​ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက ​သံတွဲမြို့နယ် ​ဥက္ကဌအပါအ၀င် ​အမျိုးဘာသာသနာစောင့်ရှောက်ရေးအဖွဲ့ဝင်တွေကျန်ရှိနေပြီး ​ပဋိပက္ခတွေမှာ ​ပါဝင်ပတ်သက်ခြင်းမရှိတဲ့သူ ​တွေကို ​ပြန်လွတ်ပေးဖို့အတွက်လည်း ​ဒေသခံတွေက ​ဆန္ဒဖော်ထုတ်မှုတွေ ​ပြုလုပ်သွားဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

ဒီသတင်းကို ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးကသတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။

 ABC Radio Australia