ရန်ကုန်မြို့ ထရိတ်ဒါးစ် ဟိုတယ်မှာ မနေ့ည ညသန်းခေါင်အချိန်လောက်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တဲ့အတွက် အမေရိကန်နိုင်ငံသူ တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အေအက်ဖ်ပီသတင်းအရ သိရပါတယ်။
ဟိုတယ်မှာ တည်းခိုနေတဲ့ အမေရိကန်နိုင်ငံသူတစ်ဦး ဒဏ်ရာရသွားတာဖြစ်ပေမယ့် ခင်ပွန်းသည်နဲ့ ကလေးနှစ်ယောက်တော့ ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ဆိုပါတယ်။ ထိခိုက် ဒဏ်ရာရတဲ့ အမျိုးသမီးကိုတော့ ရန်ကုန်ဗဟိုဆေးရုံကို ပို့ထားပြီလို့ အာဏာပိုင်က ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေပြီး၊ မပေါက်ကွဲသေးတဲ့ ဗုံးတွေကိုလည်း ရှာဖွေတွေ့ရှိထားပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ရန်ကုန်မြို့ ဘတ်စ်ကားမှတ်တိုင်တစ်ခုနဲ့ ကုန်တင်ကားအောက်မှာ တပ်ဆင်ထားတဲ့ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တဲ့အတွက် ဆယ်ကျော်သက်အရွယ် လူနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့တုန်းကလည်း တောင်ငူမြို့ တည်းခိုခန်းမှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ်။
အဲ့ဒါ့အပြင် မနေ့တုန်းကပဲ မပေါက်ကွဲသေးတဲ့ အိမ်လုပ်ဗုံးတွေကိုလည်း ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ ထပ်မံတွေ့ရှိခဲ့ပါတယ်။
ဒီလို အခြေအနေကြောင့် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အစရှိတဲ့ မြို့တွေမှာ လုံခြုံရေးတွေ တင်းကြပ်စွာချထားပြီး ခုချိန်ထိ ဘယ်သူတွေရဲ့လက်ချက်ဖြစ်တယ်ဆိုတာ မသိရသေးဘူးလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
ပေါက်ကွဲခဲ့တဲ့ ဗုံးတွေနဲ့ မပေါက်ကွဲခင် တွေ့ရှိခဲ့တဲ့ ဗုံးတွေဟာ အမျိုးအစားတူတာတွေ၊ အိမ်လုပ်ဗုံးဆိုရင်လည်း ထုတ်လုပ်ပုံခြင်းတူနေတာကြောင့် အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် လူတစ်ယောက်ကနေ ပြုလုပ်တာလို့ သံသယရှိနေကြပါတယ်။
မြန်မာရဲဌာနကတော့ ပြည်သူတွေကို သတိပေးတပ်လှန့်မှုတွေလုပ်ထားပြီး လူသွားလူလာများတဲ့နေရာမှာ သင်္ကာမကင်းစရာ အထုတ်တွေတွေ့ရင် အကြောင်းကြားဖို့လည်း မှာကြားထားပါတယ်။
မြန်မာစစ်အစိုးရလက်ထက်အတွင်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်လေ့ဖြစ်ထရှိပြီး အစိုးရက တိုက်ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် အပြစ်ပုံချလေ့ရှိပါတယ်။
ဒါပေမယ့် သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရ တက်လာပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်လေ့ဖြစ်ထမရှိတော့ပဲ ခုအခါမှ ပေါက်ကွဲမှုတွေ ပြန်ဖြစ်နေတာ ဖြစ်ပါတယ်။
ABC Radio Australia