Home » » တာမွေမြို့နယ်တွင် (၁၀၀၀)ကျပ်တန်ငွေစက္ကူ အတုများဖမ်းဆီးရမိ

တာမွေမြို့နယ်တွင် (၁၀၀၀)ကျပ်တန်ငွေစက္ကူ အတုများဖမ်းဆီးရမိ

Written By Unknown on Monday, October 14, 2013 | 12:38 PM

၁၂.၁၀.၂၀၁၃ရက်နေ့ ၁၈၁၅ နာရီအချိန်ခန့်တွင် တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ခေါင်းဆောင်သော တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သတင်းအရ အရိုးကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် (၁၄၆)လမ်းဒေါင့်ရှိ လက်ဘက်ရည်ဆိုင်တွင် အသင့်စောင့်ဆိုင်းနေစဉ် သတင်းရရှိထားသူ မလွင်လွင်ခိုင်(ခ)မသိမ့်သိမ့် ရောက်ရှိလာသဖြင့် ရှာဖွေရာ ၎င်းကိုင်ဆောင်ထားသော Maddox စာတမ်းပါ အဖြူစင်းအနက်ရောင် လက်ဆွဲအိတ်(၁)လုံးအတွင်း အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာတမ်းပါ ငွေစက္ကူအတု (၁၀၀၀)ကျပ်တန် (အသေး) (၄၁၀)ရွက်အားလည်းကောင်း၊ဆင်းကဒ်ပါ Forme တံဆိပ် အနက်ရောင်(ဘေးအစင်းအနီရောင်) လက်ကိုင်ဖုန်း(၁)လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ မလွင်လွင်ခိုင်(ခ)မသိမ့်သိမ့်အား ထပ်မံစစ်ဆေးခဲ့ရာ အဆိုပါငွေစက္ကူအတုများအား တောင်ဥက္ကလာပမြို့နယ်နေသူ မျိုးသူရထံမှ ငွေကျပ်(၄)သိန်းဖြင့် ၀ယ်ယူထားခြင်းဖြစ်ကြောင်းနှင့် ၎င်းနေထိုင်ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၇)ရပ်ကွက်ရှိ နေအိမ်တွင် ငွေစက္ကူအတုများ ထပ်မံသိုဝှက်သိမ်းဆည်းထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေသိမ်းဆည်းခဲ့ရာ ထင်းရှူးသေတ္တာထဲတွင် အနက်ရောင်ကြွပ်ကြွပ်အိတ်နှင့် ထုပ်လျက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာတမ်းပါ (၁၀၀၀)ကျပ်တန်(အသေး) ငွေစက္ကူအတု (၁၉၉၇)ရွက်အား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် တာမွေမြို့မရဲစခန်း(ပ)၄၅၁/၂၀၁၃၊ ဗဟိုဘဏ်ပုဒ်မ ၁၀၅/၁၀၆ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

အမှုအား မှုခင်းတပ်ဖွဲ့သို့ လွှဲပြောင်း၍ ကွင်းဆက်တရားခံ မျိုးသူရအား ဖမ်းဆီးစစ်ဆေးခဲ့ရာ (၁၀၀၀)ကျပ်တန် ငွေစက္ကူအတု (၇၀၀)ရွက်၊ (၇)သိန်းကျပ်နှင့် ငွေတုလုပ်သည့် ကာလာပရင်တာတို့အား သိမ်းဆည်းရရှိခဲ့ပြီး ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police