Home » » နေပြည်တော် -ပျဉ်းမနားရှိ တည်းခိုခန်းနှင့် ဧည့်ရိပ်သာများ လုံခြုံရေးတိုးမြှင့်

နေပြည်တော် -ပျဉ်းမနားရှိ တည်းခိုခန်းနှင့် ဧည့်ရိပ်သာများ လုံခြုံရေးတိုးမြှင့်

Written By Unknown on Monday, October 14, 2013 | 12:24 PM

ရန်ကုန်မြို့တော်နှင့် တောင်ငူမြို့များတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ် အတွင်းရှိ တည်းခိုခန်းနှင့် ဧည့်ရိပ်သာများအား လုံခြုံရေး တိုးမြှင့်ထားကြောင်း နေပြည်တော် ပျဉ်းမနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် ဦးစီးမှူး ဦးလွှမ်းမိုးအောင်က The Voice သို့ ပြောကြားသည်။

ပျဉ်းမနားမြို့ရှိ တည်းခိုခန်းနှင့် ဧည့်ရိပ်သာများ၌ တည်းခိုသူများကို ရပ်ကွက် ထောက်ခံစာ သို့မဟုတ် မှတ်ပုံတင် မပါရှိပါက တည်းခိုခွင့် မပြုရန်နှင့် အဆိုပါ နေရာဒေသများကို လုံခြုံရေးအရ အချိန်မရွေး ဝင်ရောက် စစ်ဆေးရန် ညွန်ကြားထားကြောင်း ၎င်းကဆိုသည်။

ယင်းညွန်ကြားချက်ကို ပျဉ်းမနားမြို့နယ် အတွင်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး များထံသို့ အကြောင်း ကြားစာများ ပို့ထားပြီး တည်းခိုခန်းနှင့် ဧည့်ရိပ်သာ ပိုင်ရှင်များက လက်ခံရရှိကြောင်း လက်မှတ်ရေးထိုး ပေးရသည်ဟု ပျဉ်းမနားမြို့ မင်္ဂလာရပ်ကွက်မှ နယ်ထိန်း တပ်ကြပ်ကြီး သိန်းလှိုင်က ပြော ကြားသည်။“ကျွန်တော်တို့ဆီကို ရပ်ကွက် ဥက္ကဋ္ဌကလာပြီး ပြော သွားတယ်။ ဧည့်စာရင်းတွေကအစ သတင်းပို့ဖို့ပါ” ဟု မင်္ဂလာရပ်ကွက်မှ ချမ်းမြေ့ တည်းခိုခန်း ပိုင်ရှင် ဦးဝေဇင်က အတည်ပြု ပြောကြားသည်။

ရန်ကုန်မြို့တော်နှင့် တောင်ငူမြို့များတွင် ဗုံးပေါက်ကွဲမှု များကြောင့် ယခုကဲ့သို့ လုံခြုံရေး တိုးမြှင့်လိုက်ရခြင်း ဖြစ်ပြီး၊ အများပြည်သူ လုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေကို ကာကွယ် တားဆီးခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ကားဂိတ်များနှင့် ရထားဘူတာ များကိုလည်း လုံခြုံရေး တိုးမြင့်စောင့်ကြည့်ရန် ညွှန်ကြားထားကြောင်း ပျဉ်းမနားမြို့ မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက ပြောကြားသည်။

The Voice Weekly