Home » » ကလေးမြို့တွင် ရေကြီးသောကြောင့် လူသေဆုံးမှုရှိ၊ လူနေအိမ်၊ တံတားများနှင့် လယ်မြေဧက သောင်းချီပျက်စီး

ကလေးမြို့တွင် ရေကြီးသောကြောင့် လူသေဆုံးမှုရှိ၊ လူနေအိမ်၊ တံတားများနှင့် လယ်မြေဧက သောင်းချီပျက်စီး

Written By Unknown on Wednesday, October 2, 2013 | 8:33 AM

စစ်ကိုင်းတိုင်း ကလေးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပြီး ဥပုသ်ချောင်း ရေပြည့်လျှံကာ ရေစီးသန်သန်ဖြင့် တိုက်စားမှုကြောင့် ကမ်းပါးပြို၊ မြေပြိုမှုများ ဖြစ်ပွားနေသည့်အပြင် ကွန်ကရိတံတား အမျိုးအစားအပါအ၀င် တံတားများ ကျိုးကျပျက်စီးသွားကြောင်း ဒေသခံများက အောက်တိုဘာ ၁ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

ယင်းသို့ ရေကြီးခြင်းမှာ စက်တင်ဘာ ၂၈ ရက်ကဖြစ်ပြီး အောက်တိုဘာ ၁ ရက်အထိ ရေကြီးနေဆဲဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ရေကြီးသည့်နေရာများသို့ လိုက်လံ အကူအညီပေးနေသော ကလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကူအညီပေးရေးအဖွဲ့ဝင် ဦးကျော်ဆန်းက “ရေတအားကြီးတယ်။ တံတား ၁၂ စင်း ကျိုး၊ ကလေးမြို့ တောင်ဘက် အဓိက ဆက်သွယ်ရေးလမ်းမကြီး ကလေး-နတ်ချောင်း-ဂန့်ဂေါလမ်းမကြီးအထွက် တံတားကြီးလည်း ပြုတ်ကျသွားတယ်။ ပတ်ပတ်လည် ရေကြီးတဲ့အပြင် တောင်ကျချောင်းတွေ ရေအလုံးအရင်း နဲ့ ၀င်ဆောင့်တဲ့အတွက် မြစ်ရေမကြီးခင်ကတည်းက အစွန်းအဖျားနဲ့ မြို့ဆင်ခြေဖုံးက ရေလွှမ်းနေပြီ။ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ကလေး၊ ကလေးဝ တမူးလမ်းတွေ အကုန်ပြတ်တောက်ကုန်တာပေါ့။ လူ ၁၇ယောက် လောက် ပျောက်တယ်။ အဲဒီအထဲက နှစ်ယောက် အလောင်းပြန်ရတယ်”ဟု ၎င်းက အကူအညီပေးရန် ထွက်ခွာနေသည့် စက်လှေပေါ်က ရှင်းပြသည်။

ယင်းအပြင် ရန်ကုန်- မန္တလေး-မုံရွာ-ကလေး-ကလေးဝ-တမူး ဆက်သွယ်ရေးလမ်းများ ပြတ်တောက်လျက်ရှိပြီး လူ ၁၇ ယောက် ပျောက်ဆုံးနေကာ ထိုအထဲမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ အလောင်းပြန်ရရှိကြောင်း အကူအညီပေးရေးအဖွဲ့များက မဇ္ဈိမကို ပြောသည်။

ကလေးမြို့တွင် ရေဘေးဒုက္ခသည်များကို ကျောင်းသားများ၊ လူငယ်ကွန်ရက်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကလေးမြို့တို့မှ အကူအညီများပေးလျက်ရှိသည်ဟုလည်း ဒေသခံများထံမှ သိရသည်။

ဦးကျော်ဆန်းက “ဒုက္ခသည် ၃၀၀၀ လောက် မြို့ပေါ်ဘုန်းကြီးကျောင်းတွေကို တက်လာတယ်။ ကလေးမြောက်ပိုင်းက ရွာတွေကတော့ တက်မလာဘူး။ သူတို့ဟာသူတို့ ဒုက္ခခံနေရတယ်။ မြို့ပေါ် ဒုက္ခသည်စခန်း ရှစ်ခုလောက်မှာတော့ ထမင်းထုပ်ဝေတယ်။ ရွာတွေမှာ ဒုက္ခရောက်နေတဲ့သူတွေကို ကျွန်တော်တို့ ဆန်ဝေဖို့ သွားနေပါတယ်”ဟု ပြောသည်။

ကလေးဒေသတွင်း ချောင်းများ၊ မြောင်းများ၊ ရေလျှံလျက်ရှိပြီး ဆန်စက်များ၊ စပါးခင်းများ ရေ၀င်နစ်မြုပ်ကာ ကျွဲ၊ နွားအချို့ မျောပါသွားသည်ဟုလည်း ဒေသခံများက ပြောသည်။

“ပေ ၁၅၀ လောက်ရှိတဲ့ ဆိပ်ကမ်းသာတံတားကြီးကို ရေထိုးလိုက်လို့ တံတားဘေးက တိုက်အချို့အပါ အ၀င် လူနေအိမ်ခြေ ၁၀ လုံးလောက် ရေမျောသွားပါတယ်”ဟု ဦးကျော်ဆန်းက ဆက်လက် ပြောသည်။

၁၉၆၆ ခုနှစ်က တစ်ကြိမ် ထိုကဲ့သို့ ရေကြီးမှုမျိုး ကြုံဖူးခဲ့ပြီး ယခုအကြိမ်သည် ထိုစဉ်ကထက် ဆိုးရွားကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။

“စက်တင်ဘာလ ၂၈ ရက်ကနေ ၃၀ ရက်အထိ ရွာတဲ့မိုးကြောင့် မြို့ထဲမှာတော့ ရေတွေလွှမ်းသွားတာပဲ။ သစ်ချောက် ကျောက်မီးသွေးတွင်း တောင်ဘက်နားကနေပြီးတော့ တောက်လျှောက် ၁၀ နေရာလောက် မြေပြိုသွားတယ်”ဟု ကလေးမြို့ ဒေသခံတစ်ဦးဖြစ်သူ ဦးမြင့်သိန်းက ပြောသည်။

ယခုအခါတွင် မိုးရပ်သွားပြီဖြစ်သောကြောင့် အောက်တိုဘာ ၁ ရက် ညပိုင်းခန့်တွင် ရေကျဆင်းသွားနိုင်သည်ဟု ယူဆကြောင်း ဒေသခံတစ်ဦးက ၎င်းခန့်မှန်းချက်ကို မဇိ္ဈမသို့ ပြောသည်။

ရေကြီးမှုကြောင့် ရန်ကုန်-မန္တလေး-ကလေး-တမူးကားများ မြို့ပြင်တွင် ရပ်ထားရပြီး ကလေးမြို့သို့ ဖြတ်သန်းသွားမည့် ခရီးသည်များ လမ်းပန်းခရီးခက်ခဲကာ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိကြောင်းကို တမူးမြို့မှ အမျိုးသမီးခရီးသည်တစ်ဦးက “ရေတွေကြီးလို့ ကားဂိတ်ကိုသွားပြီး ပြန်လာခဲ့ရပြန်ပြီ၊ လက်မှတ်ဖြတ်ပြီးသား၊ ကားမသွားနိုင်ဘူး”ဟု အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက မဇိ္ဈမကို ပြောသည်။

ကလေးမြို့မြောက်ပိုင်း အနိမ့်ပိုင်း ရေ၀င်နေသော ဧရိယာမှာ သုံးမိုင်ပါတ်လည်ခန့်ရှိကာ ရေ၀င်ဧရိယာ တွင် နေထိုင်ကြသူများသည် ကလေးမြို့ အမှတ်(၃)ကျောင်းဝင်းနှင့် ကုန်းမြင့်ပိုင်းနေရာ လမ်းများပေါ် တက်ရောက်နေထိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

နေမျိုး - Mizzima - News in Burmese