Home » » သံတွဲတွင် ပဋိပက္ခများပြန်ဖြစ် အိမ်ခြေပေါင်း ၄၀ ကျော် မီးဘေးသင့်

သံတွဲတွင် ပဋိပက္ခများပြန်ဖြစ် အိမ်ခြေပေါင်း ၄၀ ကျော် မီးဘေးသင့်

Written By Unknown on Wednesday, October 2, 2013 | 8:37 AM

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ဘာသာမတူသည့် လူအုပ်စုနှစ်စုကြား ဖြစ်ပွားခဲ့သော ပဋိပက္ခမှ အောက်တိုဘာ ၁ ရက် လက်ရှိအခြေအနေတွင် သံတွဲမြို့နယ် သပြုချိုင်ကျေးရွာနှင့် ပေါက်တော၊ ရွှေလှေ၊ တရော်တော အနောက်ဘက် ကျေးရွာများတွင် မီးရှို့မှုများဖြစ်ပေါ်ခဲ့ပြီး အိမ် ၄၄ လုံးခန့် မီးလောင်ကျွမ်းခဲ့သည်ဟု သံတွဲမြို့နယ်ရဲမှူးကြီး ဦးကျော်တင့်က မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။

၎င်းက “နံနက်ပိုင်းက ကျေးရွာနှစ်ရွာမှာ မီးရှို့မှုဖြစ်ခဲ့တာပါ။ စုစုပေါင်း သပြုချိုင်ရွာမှာ ၁၄လုံး၊ ပေါက်တော နဲ့ ရွှေလှေမှာ အလုံး ၂၀လောက် လောင်သွားတယ်။ ကျူးလွန်တဲ့လူတွေကို ဥပဒေနဲ့အညီအရေးယူဖို့ ကြိုးစားနေပါတယ်။ နောက်ပြီး တရော်တော အနောက်ဘက်ကမ်းရွာမှာလဲ အိမ်ဆယ်လုံးလောက် မီးလောင်တယ်”ဟု အောက်တိုဘာ ၁ ရက် ညနေလေးနာရီခန့်တွင် ဆိုသည်။

“လုံခြုံရေးအင်အားတွေလည်း ထပ်ဖြည့်ထားရတယ်”ဟု ၎င်းက ဆက်ပြောသည်။ ယင်းအပြင် သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာရှိ ဗလီတစ်လုံးနှင့် သပြုချိုင်ကျေးရွာရှိ ဗလီတစ်လုံးကိုလည်း လူအုပ်စုဖြင့် ဖြိုဖျက်ခဲ့သည်ဟု ၎င်းက အတည်ပြု ပြောကြားသည်။

ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သော သံတွဲမြို့တွင်မူ အခြေအနေ တည်ငြိမ်လျက်ရှိသည်ဟု သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်က မဇ္ဈိမသို့ ပြောသည်။ ၎င်းက “မြို့ထဲမှာတော့ အားလုံး တည်တည်ငြိမ်ငြိမ်ပါပဲ။ အခုက မြို့နဲ့ဝေးတဲ့ ကျေးရွာတွေမှာ ဖြစ်တာပါ”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် သံတွဲမြို့ ဒေသခံများအနေဖြင့် နှစ်ဖက်အဖွဲ့အစည်းများကြားတွင် ကောလာဟ လများပျံ့နှံ့လျက်ရှိပြီး သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာစာသင်ကျောင်းများ ပိတ်ထားရသည်ဟုလည်း သံတွဲမြို့နယ် ဆင်ဒင်ကလေးကျေးရွာမှ အလယ်တန်းပြ ကျောင်းဆရာတစ်ဦးက ပြောသည်။

၎င်းက “ကလေးတွေကို အိမ်ပြန်၊ ကျောင်းပြန် လွှတ်လိုက်တယ်၊ သတင်းတွေက မျိုးစုံကြားနေရတော့ ကိုယ့်အိမ်မှာကိုယ်နေတာ အကောင်းဆုံးမို့ပါ”ဟု ပြောသည်။

ပဋိပက္ခများကြောင့် သံတွဲမြို့ပေါ်ဈေးနှင့် ကျောင်းများကိုလည်း ပိတ်ထားရသည်ဟု သံတွဲမြို့ပေါ်ဒေသခံ ဦးအောင်သန်းက မဇ္ဈိမသို့ ပြောသည်။

သံတွဲလူမှုကွန်ရက်အဖွဲ့မှ ဦးနိုင်လင်းအောင်ကလည်း “ရွှေလှေ (သံတွဲနဲ့ တောင်ကုတ်ကြား) ကိုသွားတဲ့ ဆိုင်ကယ်တစ်စီးမှာ ရခိုင်အမျိုးသားလေးယောက်ပါသွားပြီး အကြမ်းဖက်မှု ကြုံရလို့ တစ်ယောက်ကသေ၊ တစ်ယောက်က ဒဏ်ရာရပြီး နှစ်ယောက် ပျောက်နေတယ်။ သေတဲ့သူကိုတော့ ဆေးရုံကို ပို့ထားတယ်” ဟု မဇ္ဈိမကို ပြောသည်။

ယင်းသတင်းကို သံတွဲမြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ “မနက်က နည်းနည်းဖြစ်သွားတာပါ။ လူသေတာဘာညာနဲ့ ပတ်သက်ပြီး တိုင်ချက်ဖွင့်တာတော့ မရှိသေးပါဘူး”ဟု တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

ဇွန်လ ၃၀ ရက်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့်လည်း သံတွဲမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ည ခြောက်နာရီမှ မနက် ခြောက်နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။ နောက်ပိုင်းတွင် ညမထွက်ရ အချိန်ကို လျှော့ပေါ့ပြီး ညကိုးနာရီမှ မနက် ခြောက်နာရီထိ ထုတ်ပြန်ထားသော်လည်း အောက်တိုဘာ ၁ ရက်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ည ခြောက်နာရီမှ မနက် ခြောက်နာရီသို့ ပြောင်းလဲ ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်ရပ်မှာ စက်တင်ဘာ ၂၈ ရက်က စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကေဇင်ဦး - Mizzima - News in Burmese