Home » » ကားအရောင်းဝယ်လုပ်ကိုင်ရင်း ကျပ်သိန်းသောင်းချီ မပြေလည်ဖြစ်နေသူ ကြိုးဆွဲချသေဆုံး

ကားအရောင်းဝယ်လုပ်ကိုင်ရင်း ကျပ်သိန်းသောင်းချီ မပြေလည်ဖြစ်နေသူ ကြိုးဆွဲချသေဆုံး

Written By Unknown on Tuesday, October 22, 2013 | 6:06 PM

မန္တလေးမြို့တွင် ကားအရောင်းဝယ်လုပ်ကိုင်ရာမှ ငွေကျပ်သိန်းသောင်းချီ မပြေမလည်ဖြစ်နေသော ဦးကျော်ခိုင်စိုး(ခ) နားကွင်းကျော်ကြီးသည် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ၎င်း၏နေအိမ်၌ ကြိုးဆွဲချသေဆုံးသွားကြောင်း မန္တလေးမြို့အမှတ် (၆)ရဲစခန်းမှ သတင်းရရှိသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဒေးဝန်းအနောက်ရပ်ကွက်ရှိ နေအိမ်တွင် အသက် (၄၃)နှစ်အရွယ် ဦးကျော်ခိုင်စိုးသည် နေအိမ်ဧည့်ခန်းအတွင်း မျက်နှာကြက်တွင် ပန်ကာတပ်ရန် တပ်ဆင်ထားသော သံချိတ်၌ ပလတ်စတစ်ကျစ်ကြိုးအား ကွင်းချောပြုလုပ်၍ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်းအလောင်းအား စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရဘဲ ယခုအခါ ရဲဆေးစာဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့အပ်စစ်ဆေးနေသည်။
““သေဆုံးချိန် နေအိမ်မှာ သူတစ်ဦးပဲရှိတယ်။ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနေပါတယ်။ ဆက်လက်စစ်ဆေးနေဆဲပါ””ဟု မန္တလေးမြို့ အမှတ်(၆) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဦးကျော်ခိုင်စိုးသည်  မန္တလေးမြို့မှ ကားအရောင်းအ၀ယ် လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်လပိုင်းက ကားဝယ်ရောင်းဈေးကွက်အတွင်း ကားဖိုး ငွေကျပ်သိန်းသောင်းချီ မပေးချေဘဲ လိမ်လည်တိမ်းရှောင်သွားသည်ဟုဆိုကာ မန္တလေးမြို့အမှတ်(၆) ရဲစခန်းတွင် အမှုဖွင့်ခံထားရသူတစ်ဦးဖြစ်သည်။ ကနဦးတွင် ဦးကျော်စိုးသည် ငွေကျပ်သိန်းသောင်းချီ မပေးချေနိုင်ဘဲ ထွက်ပြေး တိမ်းရှောင်နေရာမှ ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက် တွင် ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့သည်။ ထို့နောက် ၎င်းမပြေလည်သည့် ကားဖိုးငွေများအား ပြေလည်အောင် ဖြေရှင်းပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၂ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောကြားခဲ့သည်။ ထို့အပြင် ငွေကြေးပေးဆပ်ရန်  ကျန်ရှိနေသည့်  ကားအရောင်းအ၀ယ် လုပ်ကိုင်သူများအချို့ကိုလည်း ပြေလည်အောင် ဖြေရှင်းပေးမည့်အကြောင်း လိုက်လံတောင်းပန်ခဲ့ကြောင်း သတင်းရရှိသည်။

““သူ့ဂုဏ်သိက္ခာကို အသက်နဲ့လဲသွားတာ။ အရောင်းအ၀ယ်လုပ်ရင်း ငွေကြေးအရ အလွဲအသေးလေးကနေ အလွဲအကြီးကြီးဖြစ်ပြီး ခုလိုဖြစ်သွားတာပါ။ သူက အရက်မသောက်၊ မိန်းမလည်း မပွေမရှုပ် လူရိုးလူအေးပါ။ ခုလိုဖြစ်သွားတာ စိတ်မကောင်းပါ ဘူး””ဟု သေဆုံးသူ ဦးကျော်ခိုင်စိုး နှင့် ဆယ်နှစ်ကျော် အလုပ်တွဲလုပ်ခဲ့သည့် မန္တလေးမြို့မှ ကားအရောင်းအ၀ယ်လုပ်ကိုင်သူ ဦးအောင်နိုင်ဝင်းကပြောသည်။၎င်းအနေဖြင့် သေဆုံးသူထံမှ ကား ၁၃ စီးဖိုး ငွေများရရှိရန် ကျန်ရှိနေပြီး လွန်ခဲ့သော ရက်ပိုင်းက သမ္မတထံ ကူညီဖြေရှင်းပေးရန် အသနားခံစာတင်ပြသူ ၇၇ ဦးတွင် တစ်ဦးအပါအ၀င်ဖြစ်သော်လည်း ယခုအချိန်တွင် ၎င်း၏ဆန္ဒအရ မည်သည့်အရေးယူမှုမှ ဆက်လက်လုပ်ဆောင်တော့မည်မဟုတ်ကြောင်း ဦးအောင်နိုင်ဝင်းက ဆက်လက်ပြောသည်။

ဦးကျော်ခိုင်စိုးတွင် ဇနီးနှင့် ကလေးငယ်နှစ်ဦး ကျန်ရှိခဲ့သည်။
““ကျွန်တော်တို့  ကားအရောင်းအ၀ယ်လုပ်တဲ့သူတွေအတွက် သင်ခန်းစာရတာပေါ့ဗျာ။ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ခုလိုဖြစ်သွားတဲ့အတွက်လည်း စိတ်မကောင်းပါဘူး။ ငွေမနိုင်တာကို ပြေလည်အောင် ရှင်းဖို့ ကြိုးစားရင်းနဲ့ ပမာဏများသွားတာ ထင်ပါတယ်။ ရှင်းပေးရမယ့်ငွေတွေကများတော့ နိုင်အောင် မရှင်းပေးနိုင်တာနဲ့ နောက်ဆုံးထွက်ပေါက်မရှိတော့ ခုလို လုပ်သွားတာထင်ပါတယ်”” ဟု ပြောသည်။ သေဆုံးသူမှာ  ယခင်က နာမည်ပျက်မရှိဘဲ  ယခုကဲ့သို့ ဖြစ်သွားသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း သေဆုံးသူ နှင့် လက်တွဲအလုပ်လုပ်ခဲ့ပြီး ကားဖိုးငွေ ပြေလည်အောင် ရှင်းပေးရန် သမ္မတထံ အသနားခံစာတင်ခဲ့သူတစ်ဦးဖြစ်သည့် ဦးအောင်နိုင်က ပြောသည်။

သေဆုံးသွားသည့် ဦးကျော်ခိုင်စိုးကို ငွေကြေးလိမ်လည်မှုဖြင့် အရေးယူပေးပါရန် မန္တလေးမြို့ ကမ်းနားလမ်းနေ အမျိုးသားတစ်ဦးက ယခုလဆန်းကတည်းက အမှတ်(၆)  ရဲစခန်းတွင်  တိုင်ကြားထားပြီး ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားဆဲဖြစ်ကြောင်း ရဲအရာရှိက ပြောသည်။

၎င်းသေဆုံးမှုအား  မန္တလေးမြို့ အမှတ်(၆) ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၁၅/ ၁၃)ဖြင့် ရေးဖွင့်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

7Day Daily