Home » » ဝက်မှေးရွာဟောင်းမှဆန္ဒထုတ်ဖော်ခွင့်ကိုအင်အား ၁၅ဝဝ ဖြင့်တရားဝင် ခွင့်ပြု

ဝက်မှေးရွာဟောင်းမှဆန္ဒထုတ်ဖော်ခွင့်ကိုအင်အား ၁၅ဝဝ ဖြင့်တရားဝင် ခွင့်ပြု

Written By Unknown on Wednesday, October 9, 2013 | 3:39 PM

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းတွင် ပါဝင်သော ရွှေ့ပြောင်းရမည့် ဝက်မှေးရွာဟောင်းမှ ဒေသခံပြည်သူ လူထုများ လျှောက်ထားသည့်ဆန္ဒထုတ်ဖော်ခွင့်အား ယခုလ ၁ဝ ရက် နံနက် ၁ဝ နာရီမှမွန်းတည့် ၁၂နာရီ အထိ အင်အား ၁၅ဝဝ ဖြင့် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တရားဝင်ခွင့်ပြုလိုက်ပြီဖြစ် ကြောင်း ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးအောင်ကျော်ကပြောသည်။

ခွင့်ပြုချက်တောင်းခံရရှိခြင်းနှင့်ပတ်သက်၍ ဝက်မှေးရွာဟောင်းမှ ကိုအောင်ဇော်ဦးက ''လျှောက်လွှာတင်ထားတာက အင်အား ၁၅ဝဝ ပါ။ တောင်းဆိုချက်ငါးချက်ပါတယ်။အချိန်က နံနက် ၈နာရီကနေ ညနေ ၅ နာရီအထိ ဆည်မြောင်းလမ်းဆုံကနေ ဝမ်ပေါင်ကုမ္ပဏီရုံး စိုက်တဲ့ မုံရွာ-ပုသိမ်လမ်းဆုံအထိပါ။ အင်အား ၁၅ဝဝ ကိုတော့ တင်ထားတဲ့အတိုင်း ခွင့်ပြုပြီး ကျန်တာတွေကတော့ တင်ထားအတိုင်းခွင့်မပြု ပါဘူး။ ဆည်မြောင်းလမ်းဆုံကနေ ရန်မျိုးအောင် ဘုရားရှေ့အထိခွင့်ပြုတယ်။ အချိန်ကလည်း တင် ထားတဲ့အတိုင်းမရဘဲ နံနက် ၁ဝ နာရီကနေ မွန်းတည့် ၁၂နာရီအထိခွင့်ပြုပေးတာ။ ကျွန်တော် တို့အတွက်အချိန်အရမ်းနည်းပါတယ်။ တောင်း ဆိုထားတဲ့အချိန်နဲ့ နေရာအတိုင်းရရှိဖို့ ထပ်မံတောင်းဆို ဆွေးနွေးရမှာပါ''ဟုပြောသည်။

တောင်းဆိုချက်ငါးချက်မှာ တောင်သူလယ်သမားအခွင့်အရေးအပြည့်အဝရရှိရေး၊လယ်ယာ မြေလျော်ကြေးတိုးမြှင့်သတ်မှတ်ပေးရေး၊ လျော် ကြေးမယူသော လယ်ယာမြေများပေါ်တွင် အဆောက်အအုံမဆောက်လုပ်ရေး၊ လယ်ယာ မြေလျော်ကြေး အငြင်းပွားမှုဖြေရှင်း မပြီးမချင်း စီမံကိန်းလုပ်ငန်းမစတင်ရေး၊ သပိတ်စခန်းဖြိုခွဲ ရာတွင်ထိခိုက်မှုများအပေါ် တာဝန်ရှိသူများကို ဖော်ထုတ်ပေးရေးတို့ဖြစ်ကြောင်းသိရသည်။

The Union Daily