Home » » မြစ်ရေတိုက်စားမှုကြောင့် အရေးပေါ် ပြောင်းရွှေ့ရမည့် ရွာအချို့အတွက် လူငယ်အဖွဲ့အချို့ ကူညီမည်

မြစ်ရေတိုက်စားမှုကြောင့် အရေးပေါ် ပြောင်းရွှေ့ရမည့် ရွာအချို့အတွက် လူငယ်အဖွဲ့အချို့ ကူညီမည်

Written By Unknown on Wednesday, October 9, 2013 | 3:30 PM

ချင်းတွင်းမြစ်ဝှမ်းဒေသ ရေစကြိုမြို့အပိုင် ကျေးရွာသုံးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် မြေပြိုမှုများဖြစ်ပြီး နီးစပ်ရာ ကျေးရွာများသို့ အရေးပေါ်ပြောင်းရွှေ့ နေထိုင်နေရသဖြင့် အကူအညီများလိုအပ်နေရာ သွားရောက် ကူညီရန်ရှိသည်ဟု White Sharing ပရဟိတလူငယ်အဖွဲ့မှ မအိပွင့်ရှီဇံက မဇ္ဈိမသို့ပြောသည်။

မြေပြိုမှုကြောင့် ပြောင်းရွှေ့ရသော ရွာများအနက် ရှစ်အိမ်တန်းရွာသည် ရွာလုံးကျွတ် ပြောင်းရွှေ့ရန် လိုအပ်နေသဖြင့် နေရာထိုင်ခင်းအတွက် အခက်အခဲဖြစ်နေသည်ဟု ဆက်ပြောသည် ။ယင်းမိသားစုများသည် နီးစပ်ရာ ရွာများရှိ စိုက်ပျိုး၍မရသော မြေလွတ်မြေရိုင်းများတွင် နေထိုင်လျက်ရှိပြီး ကျန်မာရေး အနေဖြင့် ယင်လုံအိမ်သာ မရှိသည့်အတွက် ကလေးသူငယ်များတွင် ၀မ်းပျက်ဝမ်းလျှောရောဂါ၊ သွေး လွန်တုပ်ကွေး ရောဂါများ၊ အစား အသောက်၊ ရေရှားပါးမှု၊ ကျန်မာရေး စောင့်ရှောက်မှုများ၊ အလုပ်အကိုင် အဆင်မပြေမှုများ လက်တလော ရင်ဆိုင်နေရသည်ဟု ယင်းကပြောသည်။

“အဓိက လိုအပ်ချက်အနေနဲ့တော့ ရွာကလူတွေက သူတို့ ရှစ်အိမ်တန်းရွာလေးကို ပြန်လိုချင်တယ် မြေနေရာ ကျဉ်းကျဉ်းလေးရပါစေ၊ စုစုစည်းစည်းလေးနဲ့ အရင်လိုမျိုး ပြန်နေချင်တယ်”ဟု မအိပွင့်ရှီဇံက ပြောသည်။

လက်ရှိတွင် ရန်ကုန်အခြေစိုက်လူငယ် ပရဟိတအဖွဲ့ ၂၀ကျော်ခန့် စုစည်း၍ အောက်တိုဘာ ၁၀ ရက်တွင် သွားရောက်လှူဒါန်းမည်ဖြစ်ပြီး၊ ကောက်ခံရရှိထားသည့် ငွေမှာ သိန်း ၂၀ ကျော်ဖြစ်သည်။ နောက်ထပ် အလှူရှင်များစွာ လိုအပ်နေကြောင်းလည်း ယင်းမှ ပြောသည်။

နောက်ထပ် ကောက်ခံရသည့် အလှူငွေပေါ်မူတည်ပြီး အိမ်ထောင်တစ်စုလျှင် ဆန်တစ်အိတ်နှုန်း၊ အ၀တ်အထည်ဆေးဝါး၊ ကျန်မာရေးစောင့်ရှောက်မှုများ၊ ပြုလုပ်သွားမည်ဖြစ်သည်။

မြေပြိုမှုကြောင့် ပြောင်းရွှေ့ရသည့် အိမ်ခြေပေါင်း ၁၇၅လုံးရှိပြီး၊ လူဦးရေ ၇၁၈ ယောက်ရှိသည်။


ခင်မြတ်မြတ်ဝေ

Mizzima - News in Burmese