Home » » နေပြည်တော်တွင် အမျိုးသားဦးရေ ပိုများ

နေပြည်တော်တွင် အမျိုးသားဦးရေ ပိုများ

Written By Unknown on Monday, October 21, 2013 | 5:21 PM

နေပြည်တော် ကောင်စီနယ်မြေ ငါးမြို့နယ်အတွင်း  အမျိုးသမီးဦးရေထက် အမျိုးသားဦးရေက ပိုများကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

တစ်နိုင်ငံလုံးတွင် အမျိုးသမီးဦးရေက ပိုများသော်လည်း နေပြည်တော်တွင်မူ အမျိုးသားဦးရေက သိသိသာသာ ပိုများနေကြောင်း နေပြည်တော်ကောင်စီရုံး၌ အောက်တိုဘာ ၂၀ ရက်က ပြုလုပ်သော ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ရှင်းလင်းခြင်း အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

အထက်ပါ ငါးမြို့နယ်တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရာ၌ လူဦးရေ ၁၂၂၆ ဦး အနက် အမျိုးသားဦးရေ ၆၉၃ ဦး၊ အမျိုးသမီးဦးရေ ၅၃၃ ဦး ရှိကာ ရာခိုင်နှုန်းအားဖြင့် အမျိုးသားဦးရေ ၅၆ ရာခိုင်နှုန်းကျော် နှင့် အမျိုးသမီး ၄၃ ရာခိုင်နှုန်းကျော် ရှိကြောင်း ဦးဝင်းမြင့်က ပြောကြားသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄  ခုရှိ  မြို့နယ် ၂၀ မှ အိမ်ထောင်စု ၁၁၃၂၂ ကို စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရာတွင်မူ စုစုပေါင်း လူဦးရေ ၅၀၀၄၅ ဦးအနက် အမျိုးသားဦးရေက ၂၂၉၀၇ ဦး ရှိပြီး အမျိုးသမီးဦးရေ က ၂၇၁၃၈ ဦး ရှိကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ စမ်းသပ်သန်းခေါင်စာရင်းရရှိသော စာရင်းနှင့် ဦးစီးဌာနက ပြုစုထားသော စာရင်းတို့တွင် လူဦးရေအရေအတွက် ကွာခြားမှုနည်းပါးခြင်းကြောင့် စမ်းသပ် သန်းခေါင်စာရင်းကောက်လုပ်ငန်းတစ်ခုလုံး၏ အရည်အသွေးသည် ကောင်းမွန်ကြောင်း ဆိုသည်။

နေပြည်တော်မြို့သစ် ငါးမြို့ နယ်ဖြစ်သော ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိနှင့် ဇေယျာသီရိမြို့နယ်များ၌ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရာတွင် အမျိုးသားဦးရေ ပိုများကြောင်း တွေ့ရှိခြင်းဖြစ်ပြီး မြို့ ဟောင်းသုံးခုဖြစ်သော ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များ မပါဝင်ပေ။

7Day Daily