Home » » အစားအစာ ပြတ်လပ်နေသော ဆီးရီးယားများ ခွေးသားစားနိုင်ဟု မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များ ခွင့်ပြု

အစားအစာ ပြတ်လပ်နေသော ဆီးရီးယားများ ခွေးသားစားနိုင်ဟု မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များ ခွင့်ပြု

Written By Unknown on Thursday, October 17, 2013 | 12:55 PM

ဒမတ်စကတ်၊ အောက်တိုဘာ ၁၆

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော်အနီး ဖြစ်ပွားနေသော တိုက်ပွဲများကြား ပိတ်မိနေသည့် ဆီးရီးယား နိုင်ငံသားများ အစားအစာ ပြတ်လပ်မှုမှ သက်သာစေရန် ခွေးသား၊ ကြောင်သားစသည့် ယခင်က တားမြစ်ထားသည့် အသားများကို စားသောက်နိုင်သည်ဟု မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များက အမိန့်ထုတ်ပြန်ခွင့် ပြုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အစားအစာ ငတ်မွတ်မှုကို တွန်းလှန်နိုင်ရန် ခွေးသား၊ ကြောင်သားနှင့် မြည်းသားများ စားသုံးနိုင်သည်ဟု ဆီးရီးယား မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များက ဗီဒီယိုသတင်းတွင် ထုတ်ပြန်လိုက်သည်။

ဒမတ်စကတ်မြို့ ဆင်ခြေဖုံးဒေသရှိ အတိုက်အခံများ သိမ်းပိုက်ထားသော မူဒါမီယ ဒေသအတွင်း အစာရေစာ ပြတ်လပ်မှုများ ပေါ်ပေါက်နေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့သော ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ ဒေသများသို့ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးပို့ခွင့်ပြုရန် ကူညီကယ်ဆယ်ရေး အေဂျင်စီများကလည်း ဆီးရီးယား အစိုးရအဖွဲ့ကို တောင်းဆိုထားသည်။

အစ္စလာမ် ဘာသာရေး အယူအဆအရ စားသောက်ရန် မသင့်ဟု ယူဆထားသော အသားများကို ဒမတ်စကတ်မြို့တော် ဂေါ့တာ စိုက်ပျိုးရေးဒေသတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများအကြား ပိတ်မိနေသူများ စားသောက်နိုင်သည်ဟု မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များက အိဒ်အယ်အဟာ ဘာသာရေး ပွဲတော်နေ့တွင် ထုတ်ပြန်သည်။

ထို့အပြင် အကူအညီများ ပေးအပ်ရန် တစ်ကမ္ဘာလုံးကို တောင်းဆိုကြောင်း ဘာသာရေး ခေါင်းဆောင်များက ပြောကြားလိုက်ပြီး အခြေအနေများ ဆက်လက်ဆိုးရွားလာပါက အသေကောင်များကိုပါ စားသောက်ရန် လိုလာလိမ့်မည်ဟု ပြောကြားသည်။

ယင်းကဲ့သို့သော ခွင့်ပြုချက် ပေးမှုသည် ဆီးရီးယား ပဋိပက္ခတွင်း ပထမဆုံးအကြိမ် မဟုတ်ဘဲ အလတ်ပိုမြို့နှင့် ဟွန်းမြို့များ၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားစဉ်ကလည်း ယင်းကဲ့သို့သော အမိန့် ထုတ်ပြန်ထားခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသများသို့ အစားအစာနှင့် သောက်သုံးရေများ ထောက်ပံ့ကူညီခြင်းကိုလည်း ဆီးရီးယား ဓာတုလက်နက်များ ဖျက်သိမ်းရေးကဲ့သို့ပင် ဦးစားပေးသင့်ကြောင်း ကူညီကယ်ဆယ်ရေး အေဂျင်စီများက ပြောကြားသည်။

အကူအညီများ အရေးပေါ် လိုအပ်နေသည့် ဒေသတွင်းသို့ ထောက်ပံ့ရေး ယာဉ်တန်းများ ဝင်ရောက်ခွင့် မပြုသော်လည်း ဓာတုလက်နက် စစ်ဆေးရေးမှူးများကို လွတ်လပ်စွာ သွားလာခွင့် ပြုထားခြင်းမှာ အဓိပ္ပာယ်မရှိသည့် လုပ်ဆောင်ချက်များ ဖြစ်ကြောင်း အကူအညီပေးရေးအဖွဲ့ Medecins Sans Frontieres မှ ညွှန်ကြားရေးမှူး ခရစ်စတိုဖာက ဝေဖန် ပြောကြားသည်။

The Voice Weekly