Home » » ၁၂ နှစ်အရွယ် အိမ်အကူကို ၄၅ နှစ်အရွယ် အိမ်ရှင်က အဓမ္မကျင့်ဟု အမှုဖွင့်

၁၂ နှစ်အရွယ် အိမ်အကူကို ၄၅ နှစ်အရွယ် အိမ်ရှင်က အဓမ္မကျင့်ဟု အမှုဖွင့်

Written By Unknown on Thursday, October 3, 2013 | 8:10 PM

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၁၂နှစ်အရွယ် အိမ်အကူအား အသက် ၄၅ နှစ်အရွယ် အိမ်ရှင်ဖြစ်သူက အဓမ္မပြုကျင့်မှု တစ်ခု အောက်တိုဘာ ၁ ရက်နေ့တွင် ဖြစ်ခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

အမှုကို ၁၆၈ ရက်ကွက်တွင် နေထိုင်သည့် ကလေးငယ်၏ အဒေါ်တော်စပ်သူက တိုင်တန်းထားခြင်းဖြစ်သည်။ ကလေးမှာ ဒဂုံဆိပ်ကမ်းမြို့နယ် (၈၇) ရက်ကွက်ရှိ နေအိမ်တစ်ခုတွင် အိမ်အကူဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ယင်းအိမ်၏ မီးဖိုခန်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် ညနေ ၅ နာ ရီခန့်တွင် အိမ်ရှင်ဖြစ်သူ ဆိုက်ကားနင်းသည့် ဦးဩ(၄၅)နှစ်၊ ရောက်ရှိလာခဲ့ပြီး မုန့်ဖိုး ၁၀၀ ကျပ်ပေးကာ နောက်မှ သိုင်းဖက်၍ မဖွယ်မယာ ပြုလုပ်ပြီးနောက် ကြမ်းပြင်ပေါ်သို့ တွန်းလှဲကာ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သည်ဟု တိုင်တန်းထားသည်။

ညနေ ၆နာရီခန့်တွင် ကလေးမှာ အဒေါ်ထံ ငိုယို၍ ရောက်ရှိလာသဖြင့် မေးမြန်းရာမှ အဓမ္မပြုကျင့်ခံခဲ့ရကြောင်း သိရပြီး ကလေးငယ်အား စစ်ဆေးကြည့်ရာတွင်လည်း သားမယားပြုကျင့် ခံထားရသည့် လက္ခဏာကို တွေ့ရှိရသဖြင့် ရာအိမ်မှူး ဦးမျိုးလွင်အား အကူအညီတောင်းခံထားကြောင်း ကလေး၏ အဒေါ်ကရဲအား ပြောပြထားသည်။

ထို့ကြောင့် အသက်မပြည့်သေးသည့် ကလေးကို အဓမ္မပြုကျင့်သည့် အိမ်ရှင်ဖြစ်သူကို အရေးယူပေးရန် တိုင်တန်းထားခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုက ရဲစခန်းက (ပ) ၃၃၈/ ၂၀၁၃ ဖြင့် အမှုဖွင့်ပြီး စွပ်စွဲတိုင်တန်းခံထားရ သူအား ဖမ်းဆီးစစ်ဆေးနေပြီး ပြစ်မှုကျူးလွန်သည်ကို စစ်ဆေးတွေ့ရှိပါကာ ပုဒ်မ ၃၇၆ ဖြင့် တရားစွဲမည်ဟု တိုင်းရဲဌာနက ဆိုထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese