Home » » မပြီးပြတ်သေးသော မန္တလေးကျုံးဘေးက ဓားခုတ်မှုများ (သို့မဟုတ်) ၂၄၂ အနှုတ် ၆၊ ညီမျှခြင်း ၂၃၆

မပြီးပြတ်သေးသော မန္တလေးကျုံးဘေးက ဓားခုတ်မှုများ (သို့မဟုတ်) ၂၄၂ အနှုတ် ၆၊ ညီမျှခြင်း ၂၃၆

Written By Unknown on Thursday, October 3, 2013 | 7:21 PM

မန္တလေးကျုံးဘေးတွင် ၂၀၁၃ခုနှစ် ဇူလိုင်လအတွင်းက ဆိုင်ကယ်ပေါ်မှ ဓားဖြင့်ခုတ်ပြီး ထွက်ပြေးသည့် ရမ်းကားမှုများ ဖြစ်ပွားခဲ့ရာ ဓားဖြင့်အခုတ်ခံရသူများ၏နစ်နာချက်များကို မီဒီယာသမားများ ၀ိုင်းဝန်းရေးသားသောကြောင့် သတင်းစာ၊ ဂျာနယ်များနှင့် အင်တာနက်စာမျက်နှာများတွင် ထိုအကြောင်း ပျံ့နှံ့ထင်ရှားပြီး အထက်အဖွဲ့အစည်းများမှ အရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့ရသည်။

ဓားဖြင့်အခုတ်ခံရသူတစ်ဦးဖြစ်သူ စည်သူအောင်မှ သူ့ကို ဓားဖြင့်ခုတ်သွားသူများအား မှတ်မိ၍ ရဲများကိုပြသနိုင်သဖြင့် ဖက်တီးဆိုသူအပါအ၀င် အပေါင်းပါလူငယ်၁၀ဦးကို ဖမ်းဆီးရမိခဲ့သည်။ ဖက်တီးနှင့်အပေါင်းပါများက သူတို့သည် ဓားခုတ်မှု (၆)မှု ကျူးလွန်ခဲ့ကြောင်း ၀န်ခံတွက်ဆိုခဲ့သည်။

ကျုံးဘေးတွင် ဓားခုတ်ခံရသောအမှုတွဲပေါင်း (၂၄၂)မှုရှိရာ (၆)မှုပေါ်ပေါက်ခဲ့သော်လည်း အမှုများစွာကျန်ရှိနေဆဲဖြစ် သည်။ အခြားတရားခံများလည်း ကျန်ရှိနေနိုင်ပါသေးသည်။ သို့ရာတွင် ကျန်အမှုတွဲများနှင့်ပတ်သက်၍ ဖမ်းဆီးရမိသော သတင်းကို ယနေ့ထိ မကြားသိရတော့ပေ။

မည်သို့ဆိုစေ  ဖမ်းမိထားသော ဖက်တီးနှင့်အဖွဲ့အား (၂-၁၀-၂၀၁၃)တွင် အောင်မြေသာစံတရားရုံး၌ အပြီးသတ် စီရင်ချက်ချမည်။ အသက်မပြည့်သေးသည့်တရားခံ(၅)ဦးအတွက်လည်း ထိုနေ့မှာပင် ကလေးသူငယ်တရားရုံး၌ စီရင်ချက်ချမည်ဆိုသည့်သတင်းကြောင့် မီဒီယာသမားများ အောင်မြေသာစံတရားရုံးသို့ စုဝေးရောက်ရှိနေခဲ့ကြသည်။

သို့ရာတွင်… မည်သည့်အတွက်ကြောင့် မသိ။ သက်သေစည်သူအောင်ကို စစ်ဆေးပြီး အမှုအား (၉-၁၀-၂၀၁၃)သို့ ထပ်မံ ချိန်းဆိုခဲ့သည်။

တရားရုံးမှ တရားခံများအား ပေးမည့်ပြစ်ဒဏ်များအတွက် ပြည်သူလူထုက စိတ်ဝင်စားစွာ စောင့်ကြည့်လျှက်ရှိပါသည်။ ပေးသည့်ပြစ်ဒဏ်သည် ကျူးလွန်ထားသည့် ရမ်းကားမှုများနှင့် တန်မျှမှု ရှိ/မရှိ စောင့်ကြည့်အကဲခတ်နေကြပါသည်။

သတင်းပေးပို့သူ- ကိုကြီးသူရ

by Myanmar News Now