Home » » မလေးရှားရောက် မြန်မာရတနာကုန်သည် နေအိမ် ဓားပြတိုက်ခံရ

မလေးရှားရောက် မြန်မာရတနာကုန်သည် နေအိမ် ဓားပြတိုက်ခံရ

Written By Unknown on Monday, October 14, 2013 | 1:34 PM

ရန်ကုန်၊ အောက်တိုဘာ ၁၃

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်ရှိ မြန်မာ ရတနာကုန်သည်တစ်ဦး နေအိမ် အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ဓားပြတိုက် ခံရကြောင်း မလေးရှားနိုင်ငံ အခြေစိုက် The Star သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကွာလာလမ်ပူမြို့တော် တမန်ဆရီတီလောတမ် ရပ်ကွက်ရှိ အဆိုပါ ရတနာကုန်သည်၏ နေအိမ်ကို အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဓားပြလေးဦး ဝင်ရောက်ပြီး နေအိမ်ရှိ လူလေးဦးကို ကြိုးဖြင့်တုပ်ကာ ရင်းဂစ် တစ်သိန်းခန့် (မြန်မာကျပ်ငွေ သိန်း ၂၉၀ ကျော်) တန်ဖိုးရှိ ကျောက်မျက် ရတနာများနှင့် ငွေများကို ယူဆောင်သွားကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ဓားပြတိုက်ခံရမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု သံသယရှိသော နိုင်ငံခြားသား တစ်ဦးကို ဆီလန်ဂေါမြို့၊ ကလန်းဒေသရှိ ဂျလန်းဆန်းဂိုင်းပူတပ် ရပ်ကွက်တွင် အောက်တိုဘာ ၅ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း မလေးရှား စီအိုင်ဒီ လက်ထောက် တပ်ဖွဲ့မှူးချုပ် ရာဂျာရှာရွန်က အောက်တိုဘာလ ၇ ရက်နေ့တွင် ပြောကြားသည်။
“ပထမဆုံး ဖမ်းမိတဲ့သူက ဓားပြမှု ကျူးလွန်တယ်လို့ ဝန်ခံခဲ့တဲ့အတွက် ဆက်လက်ဖမ်းဆီးမှုတွေ လုပ်နိုင်ခဲ့တာပါ” ဟု ၎င်းက ဆိုကြောင်း The Star မှာ ဖော်ပြထားသည်။

ဓားပြမှုတွင် အဓိက ကြိုးကိုင် လှုပ်ရှားခဲ့သည့် အသက် ၂၂ နှစ်အရွယ် အစ္စမေးနှင့် ညီဝမ်းကွဲ တော်စပ်သူ သုံးဦးကို ချာရက်မြို့ရှိ တာမင်ရှာမီလင်ပါကာဆာ ရပ်ကွက်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ယင်းဓားပြအုပ်စုသည် ချာရက်နှင့် ကွာလာလမ်ပူမြို့တော် ဝန်းကျင်တွင် လုယက်မှု၊ ဓားပြတိုက်မှုကို ကျူးလွန်နေသူများ ဖြစ်နိုင်ကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြသည်။

ဖမ်းဆီးထားသူ ဓားပြလေးဦးတွင် မလေးရှားနိုင်ငံတွင် ခိုလှုံခွင့် လျှောက်ထားသူ ရိုဟင်ဂျာ အမည်ခံ တစ်ဦး ပါဝင်ကြောင်း၊ ဓားပြတိုက်သူများ နေအိမ်မှ မိုဘိုင်းလ်ဖုန်း အလုံးနှစ်ဆယ်၊ ရွှေလက်စွပ် ၅၇ ကွင်း၊ ရွှေဆွဲကြိုး ၂၇ လုံး၊ ရွှေလက်ကောက် ကိုးကွင်း၊ ဓားတစ်ချောင်း၊ ရွှေထည့်သည့်သေတ္တာ တစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း မလေးရှား ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

The Voice Weekly