Home » » ဒေါ်အောင်ဆန်းစုကြည်၏မြင်း ဆီးဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်မည်

ဒေါ်အောင်ဆန်းစုကြည်၏မြင်း ဆီးဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်မည်

Written By Unknown on Monday, October 14, 2013 | 1:39 PM

(၂၇)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် ထည့်သွင်းကျင်းပမည့် မြင်းစီးအားကစားပြိုင်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်ပိုင်ဆိုင်သော “မြန်မာ့အလှ”အမည်ရှိ မြင်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

““မြန်မာ့အလှမြင်းက ၂၀၁၃ ဆီးဂိမ်း အလှပြမြင်းစီးပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာပါ။ မြန်မာ့အလှမြင်းကို YKKO မြင်းစီးကလပ်ပိုင်ရှင်က ဒေါ်အောင်ဆန်းစုကြည်ကို လက်ဆောင်ပေးထားတာပါ။ မြန်မာ့အလှမြင်းက သားစပ်မြင်းအမျိုးအစားဖြစ်ပါတယ်”” ဟု မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၂၀၁၃ ခုနှစ် ဆီးဂိမ်းအားကစားပြိုင်ပွဲ မြင်းစီးအားကစားနည်းတွင် (တစ်ဦးချင်း၊ အသင်းလိုက်) တာဝေး၊ အလှပြ၊ တန်းခုန်ပြိုင်ပွဲ သုံးမျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး “မြန်မာ့အလှ”မြင်းမှာ အလှပြပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

“မြန်မာ့အလှ”မြင်းကို  YKKO မြင်းစီးကလပ်တွင် မွေးဖွားခဲ့ပြီး မြင်းမှာကွက်ကျားဖြစ်ကာ ပြီးခဲ့သည့်မတ်လအတွင်း  နေပြည်တော်၌ ကျင်းပခဲ့သည့် ၂၀၁၃ဆီးဂိမ်းအကြို မြင်းစီးအလှပြပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှုခဲ့ပြီး ပြိုင်ပွဲပြီးဆုံးသောအခါ  YKKO မြင်းစီးကလပ်ပိုင်ရှင်က လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူကဆိုသည်။

““မြန်မာ့အလှမြင်းက အရင်တုန်းက မြင်းတစ်ကောင်မှာရှိသင့်တဲ့ အရည်အချင်းတွေ မရှိခဲ့ဘူး။ အခုတော့ ပြိုင်ပွဲဝင်နိုင်တဲ့မြင်းတစ်ကောင်ဖြစ်နေပြီ။ မြန်မာ့အလှမြင်းရဲ့တန်ဖိုးကို ပြောလို့မရဘူး။ မြင်းတစ်ကောင်ရဲ့တန်ဖိုးက ပိုင်ရှင်နဲ့လည်းဆိုင်တယ်””ဟု မြန်မာ့မြင်းစီးအားကစားအဖွဲ့မှ နည်းပြဆရာ ဦးသိန်းဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်သည် လာမည့်ဆီးဂိမ်း မြင်းစီးအားကစားပွဲစဉ်များတွင် အသုံးပြုရန် သြစတြေးလျနိုင်ငံမှ ကန်ဒေါ်လာတစ်သောင်းကျော်တန်ဖိုးရှိ မြင်းအရေအတွက် ၂၄ ကောင် ကိုလည်း ထပ်မံဝယ်ယူသွားမည်ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲ မြင်းစီးအားကစားနည်းသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအနေဖြင့် အိမ်ရှင်မြန်မာနိုင်ငံမှ မြင်းများဖြင့်သာ ၀င်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။  ပြိုင်ပွဲဝင်နိုင်ငံများက မဲနှိုက်ရွေးချယ် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် မြန်မာ့အလှမြင်းကို မည်သည့်နိုင်ငံမှ အားကစားသမားက စီးခွင့်ရမည်ကိုမူ မသိသေးကြောင်း ဦးသိန်းဝင်းကပြောကြားသည်။

7Day Daily