ဖိလစ်ပိုင်နိုင်ငံမှာ ရစ်တာ စကေး ၇.၁ ပြင်းအားရှိတဲ့ ငလျင်တခု မနေ့မနက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ နောက်ပိုင်း လူတွေဟာ မိမိတို့ရဲ့ အိမ်တွေကို မပြန်ရဲတော့ပဲ လမ်းတွေမှာ စုဝေးနေကြတယ်လို့ သိရပါတယ်။
ဘိုဟောလ် ကျွန်းကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ဒီငလျင်ဟာ လူပေါင်း ၃ သန်းနီးပါး ဒုက္ခရောက်နေကြရပါတယ်။
အခုအချိန်အထိရရှိထားတဲ့ သတင်းတွေအရ ဒီငလျင်ကြောင့် လူပေါင်း ၁၅၀ နီးပါး သေဆုံးခဲ့ပြီး ၃၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
ဆေးရုံဆေးပေးခန်းတွေလည်း ပျက်ဆီးထိခိုက်မှုတွေရှိနေတဲ့အတွက် ဆေးရုံ လူနာတွေကိုလည်း ရွေ့ပြောင်းမှုတွေ လုပ်ဆောင်ပေးခဲ့ရပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေဟာ ဆောက်တည်ရာမရ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်နေကြ တယ်လို့ Plan Phillippines အဖွဲ့အစည်းရဲ့ အကြီးအကဲ ဒါရိုက်တာ Carin Van de Hor ကပြောဆိုခဲ့ပါတယ်။
အဲ့ဒါအပြင် မနေ့က လှုပ်ခတ်ခဲ့တဲ့ ဖိလစ်ပိုင်ငလျင်ကြောင့် အပျက်အဆီးကြားမှာ ပိတ်မိနေသေးတဲ့ သူတွေကို ကယ်ဆယ်ရေးအကူအညီအဖွဲ့တွေက ဆက်လက်ရှာဖွေ ကယ်ဆယ်နေကြပေမယ့် တချို့ ချောင်ကျတဲ့ နေရာတွေကိုတော့ မရောက်ရှိနိုင်သေးဘူးလို့ သိရပါတယ်။
ငလျင်ဗဟိုပြုလှုပ်ခတ်သွားတဲ့ နေရာဟာ ကမ္ဘာလှည့် ခရီးသည်အများအပြား စိတ်ဝင်စားတဲ့ ကျွန်းတနေရာဖြစ်ပြီး မြို့တော် မနီလာကနေ ကီလီမီတာ ၆ ရာကျော် ဝေးတဲ့နေရာဖြစ်ပါတယ်။
သေဆုံးသူအများစုဟာ အဆောက်အအုံ ပြိုကျတာကြောင့် ဖြစ်ပြီး ပျက်ဆီးသွားတဲ့ အဆောက်အဦး တော်တော်များများကို ရှာဖွေမှု မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။
အခုငလျင်ဒဏ်ကြောင့် လမ်းတွေ၊ ကျောင်းတွေ၊ နေအိမ်တွေနဲ့ သမိုင်းဝင် ဘုရားကျောင်းတွေ ပျက်ဆီးခဲ့ရသလို လျှပ်စစ်မီး ပျက်တောက်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။
မနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်အပြီး နောက်ဆက်တွဲ လှုပ်ခတ်မှုပေါင်း ၈ ရာကျော် ရှိခဲ့သလို အဲဒီအထဲက တချို့ဟာ ပြင်းအား ရစ်တာစကေး ၅ အထက်မှာ ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
အလားတူပဲ သြစတြေးလျတိုက်အနီးက ပါပူအာ နယူးဂီနီကျွန်းစု အနီးမှလည်း ပြင်းအား ၇.၁ ရှိတဲ့ ငလျင်တခု မနေ့က လှုပ်ခတ်သွားခဲ့ပါတယ်။
ဒါပေမယ့် ပျက်ဆီးမှုတွေ မရှိခဲ့သလို ဆူနာမီ သတိပေးချက်တွေလည်း ထုတ်ပြန်တာတွေ မရှိခဲ့ကြောင်း သိရှိရပါတယ်။
ABC Radio Australia
Home »
World News
» ဖိလိပိုင်ငလျင်ကြောင့် လူ ၁၅၀ သေဆုံး၊ ၃၀၀ကျော် ဒဏ်ရာရခဲ့