လာအိုနိုင်ငံပိုင် လေယာဉ်တစင်း ပျက်ကျခဲ့တဲ့အတွက် သြစတြေးလျနိုင်ငံသား ၆ ဦးအပါဝင် လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့သူ ၄၉ ဦးလည်း သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ အစိုးရဌာတွေက ပြောပါတယ်။
Lao Air QV301 လေယာဉ်ဟာ ဗီယက်နမ်နိုင်ငံမြို့တော် Hanoi ကနေထွက်ခွာခဲ့ပြီး လာအိုနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Pakse မြို့ကို အသွားမှာ လမ်းခုလပ်မှာပဲ မဲခေါင်မြစ်ထဲကို ထိုးကျ ပျက်ဆီးခဲ့တာဖြစ်ပါတယ်။
လာအိုအစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ လေယာဉ်မှာ လိုက်ပါတဲ့ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်း တွေအားလုံး သေဆုံးခဲ့ကြတယ်လို့ ဆိုပါတယ်။ သြစတြေးလျ နိုင်ငံရေးဌာနရဲ့အဆိုအရ အဲဒီပျက်ကျခဲ့တဲ့ လေယာဉ်ကို စီးတဲ့ခရီးသည်တွေထဲမှာ သြစတြေးလျ နိုင်ငံသား ၆ဦးပါဝင်တယ်လို့ ဆိုပါတယ်။
သေဆုံးသွားခဲ့တဲ့ သြစတြေးလျနိုင်ငံသား ၆ဦးထဲက လေးဦးဟာ ဆီဒနီမြို့မှာ နေထိုင်ကြတဲ့ Rhodes မိသားစုဝင်တွေဖြစ်ပြီး သူတို့ ဇနီးမောင်နှံနှစ်ဦးနဲ့အတူ အသက် သုံးနှစ်နဲ့ တစ်နှစ်ကျော် အရွယ် ကလေးငယ်လေးတွေလည်း ပါဝင်ပါတယ်။
ကျန်သေဆုံးသွားတဲ့ သြစတြေးလျနိုင်ငံသားနှစ်ဦးဟာ သားအဖတွေဖြစ်ကြပြီး Michael Creighton နဲ့ Gordon Creighton ဖြစ်ပါတယ်။ သားဖြစ်သူ Michael Creighton ဟာ နော်ဝေနိုင်ငံ ကူညီထောက်ပံရေးအဖွဲ့တခုမှာ အလုပ်လုပ်ကိုင်သူဖြစ်ပြီး သူတို့ နှစ်ကလည်း နယူးစောက်ဝေး ပြည်နယ်မှာ နေထိုင်သူတွေဖြစ်ပါတယ်။
တခြားလိုက်ပါခဲ့တဲ့ ခရီးသည်တွေကတော့ လာအိုနိုင်ငံသား ၁၇ ဦး၊ ပြင်သစ်နိုင်ငံသား ၇ဦးနဲ့ ထိုင်းနိုင်ငံသား ၅ဦးတို့ ပါဝင်ပြီး တခြားနိုင်ငံခြားသားတွေဖြစ်တဲ့ အမေရိကန်၊ ကနေဒါ၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံသားတို့လည်း စီးနင်းလိုက်ပါခဲ့ကြတယ်လို့ ဆိုပါတယ်။
ပျက်ကျသွားခဲ့တဲ့လေယာဉ်ဟာ ရာသီဥတု ဆိုးဝါးမှုဒဏ်ကိုခံခဲ့တဲ့အတွက်ကြောင့်ဖြစ်နိုင်လို့ ခန့်မှန်းနေကြပါတယ်။ လက်ရှိအခြေအနေမှာ ဖိလိပိုင်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံအပါအ၀င် အဲဒီဒေသတခွင်မှာ လေမုန်တိုင်း ၀င်ရောက်တိုက်ခတ်မှုတွေကြောင့် ရာသီဥတု ဆိုးဝါးတဲ့ ဒဏ်ကိုခံစားနေရတာဖြစ်ပါတယ်။
By South East Asia correspondent Zoe Daniel, wires
ABC Radio Australia
Home »
World News
» လာအိုလေယာဉ်ပျက်ကျမှု လူ ၄၉ဦးသေ၊ သြစီ ၆ ဦးပါဝင်