Home » » မိုးကုတ်မြို့ အနာဂတ်ကို ဘယ်သူတွေ ကယ်တင်နိုင်မလဲ

မိုးကုတ်မြို့ အနာဂတ်ကို ဘယ်သူတွေ ကယ်တင်နိုင်မလဲ

Written By Unknown on Tuesday, October 29, 2013 | 3:11 PM

စိမ်းစိုနေတဲ့ တောင်တန်းကြီးတွေမှာ လှေကားထစ်သဖွယ် အဆင့်လိုက်အဆင့်လိုက် ဆောက်လုပ်ထားတဲ့ အိမ်ကလေးတွေ။ တောတောင်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ လေကလေနုအေး။ချမ်းသာကြီးဘုရားပေါ်က လှမ်းမျှော်ကြည့်လိုက်ရင် ပတ္တမြားမြေဟာ နီနီ ရဲရဲ အိမ်ကလေးတွေနဲ့ အလှဆင်ထားပါတယ်။ အိမ်နီကလေးတွေများစွာကြောင့် မိုးကုတ်မြို့က ပိုပြီးလှပနေခဲ့တယ်။ကျောက်မျက်ပန်းချီကားတစ်ချပ်မှာ အလှဆင်ထားတဲ့ကျောက်နီနီလေးတွေအလား အိမ်နီကလေးတွေက မိုးကုတ်မြို့ မြင်ကွင်းကျယ်ကို ပုံဖော်သရုပ်ဆောင်ထားပါတယ်။

“မိုးကုတ်မှာ အရှားဆုံးကကျောက်ပဲ”လို့ မိုးကုတ်မှာ နေထိုင်တဲ့ မိတ်ဆွေက ပြောပါတယ်။ မိုးကုတ်မှာ အိမ်ခြေတွေများပြီး အဆင့်ဆင့် ဆောက်လုပ်ထားတဲ့ အနီရောင် အိမ်ကလေးတွေကို တွေ့ရပေမယ့် အချို့သော အိမ်ကလေးတွေကတော့ သော့ခတ်ထားတာကို တွေ့ရပါတယ်။ အရင်လို အလုပ်အကိုင်မကောင်းတော့တဲ့ အတွက် ဒေသခံ လူငယ်တွေဟာ မြို့ကို စွန့်ခွာပြီး အခြားဒေသတွေကို သွားရောက်အလုပ်လုပ်ကိုင်နေကြ၇တယ်လို့လည်း ဒေသခံတွေက ပြောပြကြပါတယ်။

မြန်မာနိုင်ငံရဲ့ ထင်ရှားကျော်ကြားခဲ့တဲ့ ပတ္တမြားနယ်မြေဖြစ်တဲ့ မိုးကုတ်မြို့ဟာ တစ်ချိန်တစ်ခါကလို ပြန်ပြီးသက်ဝင်နိုင်ပါ့မလား။ သယံဇာတပေါကြွယ်ဝတဲ့ မိုးကုတ်ဒေသကို အနယ်နယ်အရပ်ရပ်က လူတွေလာရောက်လုပ်ကိုင်ကြရပေမယ့် ခုချိန်မှာတော့ မိုးကုတ်ကဒေသခံတွေက အနယ်နယ်အရပ်ရပ်ကို ထွက်ခွာနေကြရပြီလို့ဆိုပါတယ်။

သော့ပိတ်ထားတဲ့ အိမ်ကလေးတွေ ဘယ်တော့များမှ မီးရောင်လင်းနိုင်မလဲ။

မိုးကုတ်


မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်အတွင်းမှာ ပါဝင်တဲ့ မိုးကုတ်မြို့လေးဟာ မြောက်လတ္တီတွဒ် ၂၂ဒီဂရီ ၁၁ မိနစ် နဲ့ ၂၃ ဒီဂရီ ၃၀ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၁ မိနစ်နဲ့ ၉၆ ဒီဂရီ ၄၅ မိနစ်ကြားမှာ တည်ရှိပါတယ်။ အရှေ့အနောက် မိုင် ၃၀၊ တောင်မြောက်၁၅ ဒဿမ ၁၂ မိုင်ရှိပါတယ်။ ၄၅၃ ဒဿမ၆ စတု၇န်းမိုင်ကျယ်ဝန်းပြီး ဒယ်အိုးပုံသဏ္ဍာန်တည်ရှိနေတဲ့ မိုးကုတ်မြို့ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းကုန်းပြင်မြင့် ရဲ့ အနောက်ဘက်စွန်းမှာ တည်ရှိတာပါ။
မိုးကုတ်မြို့ရဲ့ အနိမ့်ဆုံးချိုင့်ဝှမ်းဖြစ်တဲ့ အင်းကြီးဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၃၆၄၅ ပေအမြင့်မှာ တည်ရှိပါတယ်။

“ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀နီးပါး မှာ မိုးကုတ်က တည်ရှိတော့ ရာသီဥတုကောင်းတယ်။ မိုးကုတ်ကို ရောက်ရင်မပြန်ချင်ကြတဲ့သူများတယ်လေ။ ဒါပေမယ့် အခုတော့အဲလိုမဟုတ်တော့ဘူး။ ရာသီဥတုကောင်းလည်း လုပ်ငန်းကမကောင်းကြတော့ ဒီမြို့က လူတွေတောင် အခြားဒေသမှာ အလုပ်ထွက်လုပ်နေကြရပြီ”လို့ မိုးကုတ်ဒေသခံတွေက ပြောပါတယ်။

မြို့လယ်အင်းနဲ့ ဘီးတောင်ဘုရား


၁၉၂၅ ခုနှစ် အမေရိကန်ပြည်ထောင်စုကနေ စတင်ပြီး ကမ္ဘာ့စီးပွားရေးပျက်ကပ်တစ်ခု ဆိုက်ရောက်လာတဲ့အတွက် ကျောက်အရောင်းအ၀ယ်တွေကို ထိခိုက်စေခဲ့တယ်။ အဲဒီနှစ်တွေမှာပဲ မိုးကုတ်ရဲ့ချိုင့်ဝှမ်းနေရာ တူးဖော်ရေးလုပ်ကွက်တွေမှာ ရေထွက်ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ တစ်ခုတည်းသော မြေအောက်ဥမင် လှိုဏ်ခေါင်းကြီးကလည်း ပြိုကျသွားခဲ့တဲ့အတွက် မိုးကုတ်ချိုင့်ဝှမ်းတွေမှာ ကျောက်တူးဖော်တဲ့ လုပ်ငန်းတွေကို မလုပ်နိုင်ကြတော့ဘူးလို့ စာအုပ်စာပေတွေမှာ ဖတ်မှတ်ခဲ့ရပါတယ်။အဲဒီအချိန်ကတည်းကစလို့ မိုးကုတ်မြို့လယ်မှာတော့ အင်းကြီးပေါ်ပေါက်လာခဲ့ပြီး မြို့လယ်အင်းလို့ သမုတ်ခဲ့ကြပါတယ်။ ဒါ့အပြင် ဘီးနဲ့တူတဲ့ တောင်စွယ်ဘေးမှာ ဘုရားတည်ထားတဲ့အတွက် ဘီးတောင်ဘုရားလို့လည်း ခေါ်ဆိုကြပါတယ်။

“ဒီမိုးကုတ်မှာက ဘီးနဲ့မှန်ဆိုပြီး အစွဲလေးတွေ ရှိတယ်။ ဘီးဆိုတာက ဘီးနဲ့တူနဲ့ဘီးတောင်ရယ်၊ မှန်ဆိုတာက မြို့လယ်အင်းကြီးကို တင်စားတာ။ အဲဒီဘီးနဲ့မှန် မှာတစ်ခုခုသာ ကွဲခဲ့၊ ကျိုးခဲ့တယ်ဆိုရင် မိုးကုတ်ရဲ့ အလားအလာလည်း မကောင်းနိုင်ဘူးလို့ မိုးကုတ်သားတွေက မှတ်ယူကြတယ်”လို့ မိုးကုတ်မြို့ ရေပူကျောင်းဆရာတော်က မိန့်ကြားခဲ့ပါတယ်။

တောင်တွေကာရံထားတဲ့မြို့


မိုးကုတ်မြို့ရဲ့ အရှေ့ဘက်မှ ကြေးနီတောင်၊ အနောက်ဘက်မှာ ပင့်ကူတောင်၊ တောင်ဘက်မှာထင်ရှူးတောင်ရှိပြီး မြောက်ဘက်မှာ တောင်မင်းတောင်ရှိပါတယ်။ အရှေ့ဘက်မှာရှိတဲ့ ကြေးနီတောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၆၇၃၃ ပေမြင့်ပါတယ်။ အနောက်ဘက်မှာရှိတဲ့ ပင့်ကူတောင်ကတော့ ပင်လယ်ရေမျက်နှာပြင်အထက် ၅၃၄၅ ပေမြင့်ပါတယ်။ တောင်ဘက်ထင်ရှူးတောင်ကတော့ ပင်လယ်ရေမျက်နှာပြင်အထက် ၅၆၀၆ ပေမြင့်ပြီး မြောက်ဘက် တောင်မင်းတောင်ကတော့ ပင်လယ်ရေမျက်နှာပြင်အထက် ၇၅၄၄ ပေမြင့်တယ်လို့ လေ့လာမှတ်သားရပါတယ်။

ဒီလို တောင်တန်းတွေကာရံကားတဲ့ အလယ်မှာမှ မိုးကုတ်မြို့ဆိုပြီး တည်ရှိနေတဲ့အတွက် အဝေးကကြည့်လိုက်ရင်မိုးကုတ်မြို့ဟာ ဒယ်အိုးကြီးသဖွယ်တည်ရှိနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ မြို့ကုတ်မြို့ရဲ့ နေရာအနှံ့အပြားမှာ ပတ္တမြား၊ နီလာ၊ ဥဿဖယား၊ ဂေါ်မုတ်၊ အညံ့ပန်းနဲ့ ပြောင်ခေါင်းစိမ်းဆိုတဲ့ အဖိုးတန်ကျောက်မျက်ရတနာတွေ ထွက်ရှိခဲ့တဲ့အတွက် မိုးကုတ် မြို့သူ/သားတွေဟာ အခြားဒေသကို သွားရောက်စရာမလိုဘဲ ကိုယ့်ဒေသမှာပင် တစ်နိုင်တစ်ပိုင် ကျောက်လုပ်ငန်းများကို လုပ်ကိုင်ကြရင်း စီးပွားဖြစ်သည်အထိ ရပ်တည်နိုင်ခဲ့ကြပါတယ်။ မိုးကုတ်မြို့ မှာ အထင်ရှားဆုံးဖြစ်တဲ့ ကျောက်မျက်တွေကတော့ ပတ္တမြား၊ နီလာ၊ ဥသာဖယား၊ နီလာဖြူ၊ ထတ္တရာ၊ ဂေါ်မိတ်၊ ကြောင်၊ မှန်မီးပေါက်၊ စလင်း များအပြင် အခြား ကျောက်အမျိုးအစား (၃၀)ကျော်ခန့်ထွက်ရှိပါတယ်။ ဒီကျောက်တွေက အကြမ်းဖျဉ်းအားဖြင့်တော့ မြေကြီးထဲမှာရှိတယ် လို့ပြောလို့ရပါတယ်။ အဲ့ဒီမြေကြီး ထဲက သက်တမ်းရင့် ပျက်ပြုန်းမြေဆီလွှာဖြစ်တဲ့ (ဗြုံး)မြေလွှာထဲမှာရှိတယ်လို့လည်း လေ့လာမှတ်သားရပါတယ်။

မြေပြင်ကနေ ပေ(၁၀၀)အတွင်းရှိတဲ့ ဗြုံးလွှာကို ခါးဗြုံး၊ ပေ(၁၀၀)နဲ့အောက်မှာထပ်တွေ့တဲ့ ဗြုံးလွှာကတော့ အောက်ဗြုံးဆိုပြီး အမျိုးအစားနှစ်မျိုးခွဲခြားထားတာကို တွေ့ရပါတယ်။ ကျောက်တွင်းလို့ခြုံပြီး ခေါ်ပေမယ့် လေးပေတွင်း၊ အင်းဗြဲ၊ မျောတွင်း၊ ခဲတွင်း ဆိုပြီးလည်း ရှိတယ်လို့ သိရပါတယ်။

ဟိုးတုန်းက မိုးကုတ်

မိုးကုတ်ဒေသခံ စာရေးဆရာ ထက်နိုင်ရဲ့ ပြောပြချက်အရ မိုးကုတ်ဒေသဟာ ၁၉၆၂ ခုနှစ်တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး နှစ်နှစ်အကြာမှာ ပြည်ပပို့ကုန်လုပ်ငန်းအားလုံးကို အစိုးရက တာဝန်ယူဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးအဖွဲ့ငယ်တွေ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ရွှေဘိုခ၇ိုင် လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ကောက်ပဲသီးနှံရောင်းဝယ်ေ၇းအဖွဲ့၊ ရေနံနှင့် ဓာတ်သတ္ထုပင်ရင်း အခြေအမြစ်များတိုးတက်အောင် ရှာဖွေထုတ်လုပ်ရေးကော်ပိုရေးရှင်း ကနေ ကိုယ်စားလှယ်တစ်ဦးစီနဲ့ ပြင်ပကျောက်ကုန်သည် တစ်ဦးတို့ပါတဲ့ အဲဒီကျောက်မျက်ရတနာ ရောင်းဝယ်ရေးအဖွဲ့ငယ်ဟာ ကျောက်မျက်အ၀ယ်ဒိုင်ကို မိုးကုတ်မြို့မှာ စတင်ဖွင့်လှစ်ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

“၁၉၆၇ ခုနှစ်တုန်းက မိုးကုတ်မှာ ၆၃၀၀၀ ကာရက်ရှီတဲ့ နီလာဂေါ်ကြိုး အရိုင်းတုံးကြီးကို စပြီးတူးဖော်ရရှိတာပဲ။ ၁၉၆၄ ဇွန်တုန်းကတော့ ပုဂ္ဂလိကပိုင်နဲ့ နိုင်ငံပိုင်ကျောက်တွင်းလုပ်ငန်းတွေရှိသေးတယ်။ ၆၉ ခုနှစ်မှာတော့ ပုဂ္ဂလိက လုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းပြီး ပိုင်ဆိုင်မှုတွေကိုပါ တားမြစ်လိုက်လို့ ပုဂ္ဂလိကလုပ်ငန်းအားလုံး ရပ်ဆိုင်းသွားတယ်။ ကျောက်မျက်တွေကို မှတ်ပုံတင်ရတယ်။ မှတ်ပုံတင်မရှိတဲ့ကျောက်တွေကို စစ်ဆေးရေးတစ်ရပ်လုပ်ပြိး စစ်ဆေးတယ်။ ”လို့စာရေးဆရာထက်နိုင်က ပြောပါတယ်။

၁၉၈၄ ခုနှစ်မှာလည်း ၁၀ဒဿမ၉၅ ကာရက်ရှိ အရည်အသွေးကောင်းမွန်တဲ့ မိုးကုတ်ပတ္တမြားကြီးကို မိုးကုတ်ရွှေပြည်အေးစခန်းကနေ ရရှိခဲ့ကြပါတယ်။ ၁၉၉၀ ခုနှစ် ဧပြီလမှာ ပင်လုံဒေသကနေ ၉.၇ ကာရက်ရှိတဲ့ န၀ရတ်သရဖူ ပတ္တမြားကို တူးဖော်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံတော်ကနေ ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ မိုးကုတ်၊ မိုင်းရှူးကို ရတနာမြေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာတော့ မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြဌာန်းခဲ့ပါတယ်။

မျိုးဆက်သစ်အတွက် ချန်ထားပေးပေမယ့်

“အရင်က မိုးရွာတယ်ဆိုရင် တောင်ပေါ်ကို ပြေးတက်လိုက်တာပဲ။ ပြီးတော့ ကျောက်ရှာတယ်။ အဲဒီနေ့အတွက် ထမင်းစားကျောက်ဆိုတာ အသာလေးပဲ။ သောင်းတန်တဲ့ကျောက်လည်းရတယ်လေ။ တစ်ခါတစ်လေ မိုးရွာရင် ကိုယ့်အိမ်တံစက်မြိတ်မှာပဲ ကြည့်မလား။ ကျောက်ကတွေ့ရတယ်။ အခုတော့ မြေအလွှာလွှာသာကုန်သွားတယ်။ ကျောက်ကမရှိတော့ဘူး။ ကျောက်ဖြုန်းတောင်ရှာဖို့မလွယ်ဘူးလေ။ ဒါကြောင့် မိုးကုတ်မှာ အရှားဆုံးက ကျောက်ဖြစ်နေတာ။ ”လို့ လည်း ဒေသခံတစ်ဦးကပြောပါတယ်။

“အရင်ကတော့ အနာဂတ်ဆိုတာ ဒီလိုဖြစ်လာမယ်လို့ ထင်မထားဘူး။ ကိုယ်နေတဲ့ဒေသက ကျောက်အရမ်းထွက်တော့ ဘယ်သူကမှ လောဘတကြီးမရှာကြဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်သားစဉ်မြေးဆက်အတွက် ချန်တာလည်း ပါတယ်။ကိုယ်လိုချင်တဲ့ ကျောက်လေးရရင် နောက်ရက်အေးဆေးနား။ လိုသလောက်ပဲ လောဘသပ်ထားတော့ နောက်လူတွေအတွက်လည်း အဆင်ပြေတာပေါ့။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ မိုးကုတ်ရဲ့ စီးပွားရေးကပျက်သွားတယ်။ ဒီကကလေးတွေရဲ့ အနာဂတ်က ဒီဒေသမှာပဲရပ်တည်နေဖို့ ဘယ်လိုမှမလွယ်တော့ဘူးလေ။ သယံဇာတကျိန်စာသင့်တယ်လို့တောင် ပြောရမလိုဖြစ်နေတယ်”လို့ ရှေ့မီနောက်မီ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဖက်စပ်လုပ်ငန်းတွေ ၀င်ရောက်လာ


မိုးကုတ်ဒေသခံတွေဟာ ကိုယ့်ဒေသမှာရှိတဲ့ လုပ်ကွက်တွေကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ရာကနေ ၁၉၉၀ခုနှစ် နောက်ပိုင်းကာလများမှာတော့ ဖက်စပ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အစိုးရက စာချုပ်တွေကို လက်မှတ်ရေးထိုးလာခဲ့ကြပါတယ်။ ကျောက်မျက် ဖက်စပ်လုပ်ငန်းတွေဟာ ဇောက်ချလုပ်ကိုင်လာတဲ့အခါမှာ ငွေအား၊ လူအားအပြင် စက်အင်အား အလုံးအရင်းနဲ့ပါ လုပ်ကိုင်ကြတာမို့ ဒေသခံတွေရဲ့ စိတ်ထဲမှာတော့ မကြာခင်အနာဂတ်ကာလတွေမှာ မိမိတို့မျိုးဆက်တွေအတွက် လုပ်စားစရာ လုပ်ကွက်တွေ မကျန်ရစ်ခဲ့တော့ဘဲ ကျောက်ဆိုတာကိုတောင် မမြင်တွေ့နိုင်တော့အောင် ဖြစ်သွားမှာကိုတော့ စိုးရိမ်နေခဲ့ကြတယ်လို့လည်း ဒေသခံအချို့က ရင်ဖွင့်ကြပါတယ်။

“ဖက်စပ်လုပ်ငန်းဆိုတာကလည်း စီးပွားဖြစ်လုပ်ငန်းလေ။ ဒေသခံတွေလိုတော့ နောင်လာနောက်သားဆိုတာကို ထည့်မတွေးဘူး။ နေရာကောင်း၊ လုပ်ကွက်ကောင်းတွေက တကယ့်ငွေရှင်တွေလက်ထဲမှာဆိုတော့ ငွေမရှိတဲ့ ဒေသခံတွေက လုပ်ကွက်ရှာမယ်ဆိုရင်လည်း ကောင်းတဲ့လုပ်ကွက်က မရှိတော့ဘူး”လို့ ကျောက်ကုန်သည် တစ်ဦးက ပြောပါတယ်။

“အရင်က ဒေသခံတွေက ကိုယ့်လုပ်ကွက်လေးတွေနဲ့ကိုယ်ရှိတော့ တော်ရုံဆိုရင်ကို အဆင်ပြေနေပြီလေ။ အခုက ချောင်း၊ မြောင်းထဲမှာတောင် ကျောက်ရှာခွင့်မရကြဘူး။ ပိတ်လိုက်တယ်။ တွေ့ရင် အမှုတွေ ဘာတွေဖြစ်တာပေါ့။ လုပ်ကွက်လေးတွေ ပိတ်ခံလိုက်၇တော့ ဒေသခံတွေမှာ အလုပ်မရှိတော့ဘူး။ အဲဒီတော့ ဖက်စပ်တွေရဲ့ လုပ်ကွက်တွေထဲမှာပဲ အလုပ်ပြန်ဝင်ကြရတယ်။ ဖက်စပ်ဆိုတော့ ကိုယ်လုပ်သလိုတော့ ပိုက်ဆံမရဘူး။ ၀မ်းစာမပြည့်ကြတော့လည်း ရုန်းကန်လာရတယ်။ ”လို့ လုပ်ကွက်တစ်ခုမှာ ၀င်ေ၇ာက်လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့ရဲ့ ကျောက်မျက်ရတနာတွေဟာ နလန်ပြန်မထူနိုင်လောက်အောင် ကုန်ဆုံးခဲ့ရတဲ့အတွက် မြို့လူထုဒေသခံတွေဟာ မြို့ကို စွန့်ခွာပြီးရပ်ဝေးကို လုပ်ငန်းသစ်ရှာဖို့ ထွက်ခဲ့ကြရတယ်လို့လည်း သိရပါတယ်။ မိရိုးဖလာ အသက်မွေးမှုအဖြစ် ကျောက်လုပ်ငန်းတစ်ခုတည်းကိုသာ အားကိုးရပ်တည်ခဲ့ကြတဲ့ မိုးကုတ်ဒေသခံတွေဟာ စီးပွားရေး ပျက်ယွင်းမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ကြ၇တယ်လို့လည်း ဆိုပါတယ်။

“ဦးဇင်းတို့ ရောက်ခါစက ၈၈ ခုနှစ်ပေါ့်နော်။ ဒီမှာ လုပ်ငန်းတွေကောင်းသေးတယ်လို့ ပြောလို့၇တယ်။ တော်တော်လေးလည်း စည်တယ်။ ငွေကိုအရမ်းသုံးကြတာ။ အဲဒီနောက်ပိုင်း ဖက်စပ်တွေ ၀င်လာတယ်။ ဖက်စပ်တွေက လုပ်ကွက်တွေကို စက်ယန္တရားကြီးတွေနဲ့ လုပ်တာဆိုတော့ ကြာတော့ကုန်သွားတယ်။ တစ်ခုဆိုးတာက တစ်ပိုင်တစ်နိုင်လေးပေကျင်းလေးတွေဖောက်ကြတယ်။ လုပ်ငန်းလေးတွေ အောင်မြင်လာပြီဆိုရင် လုပ်ငန်းရှင်တွေက နီးစပ်ရာ အာဏာပိုင်အဆင့်ဆင့်နဲ့ ပေါင်းပြီး ဖက်စပ်ဆိုပြီးအဲဒီလုပ်ကွက်ကို သိမ်းလိုက်တယ်။ လုပ်ကွက်တွေ ပျောက်သွားတယ်။ ခိုးတုံးလေးတွေတော့ရှိတယ။် အဲဒီချိန်တုန်းက ကျောက်တစ်ပွင့်ရလာပြီဆိုရင်တောင် လွတ်လွတ်လပ်လပ် ရောင်းချခွင့် မရှိဘူး။ မိရင်ဖမ်းတာပဲ။ ”လို့ ရေပူဆရာတော်က မိန့်ပါတယ်။

“အခုကတော့ အရင်လိုကြောက်စရာမလိုတော့ဘူး။ ဒါပေမယ့်လည်း ကျောက်ကမရှိတော့ဘူး။ အချိန်ကာလတွေ ပြောင်းပြန်ဖြစ်သွားတယ်။ တကယ့်ကျောက်ပေါတုန်းကတော့ ဒီလိုအခွင့်အရေးမရခဲ့ဘဲ အခွင့်အရေးရတဲ့အချိန်မှာ ကျောက်ကမရှိတော့ဘူးလေ”လို့လည်း ဆရာတော်က ဆက်လက်မိန့်ကြားခဲ့ပါတယ်။

ထာပွဲ

မန္တလေးမှာတော့ မဟာအောင်မြေ ကျောက်မျက်ရတနာစခန်းဈေးကို အလွယ်တကူ ကျောက်ဝိုင်းလို့ ခေါ်ကြပါတယ်။ မိုးကုတ်မြို့မှာကတော့ “ထာပွဲ”လို့ ခေါ်ဆိုသုံးနှုန်းကြတာကို တွေ့မြင်၇ပါတယ်။ ကျောက်တွေရောင်းဝယ်ဖောက်ကားကြတဲ့ နေရာမှာ အဲဒီကျောက်တွေကို ကြေးဗန်းလေးတွေထဲ ထည့်ပြီးဝယ်ရောင်းလုပ်တယ်လို့ သိရပါတယ်။ အဲဒီကြေးဗန်းကို ဒေသအခေါ် “ထာ”လို့ ခေါ်ဆိုကြတဲ့အတွက် “ထာပွဲ”လို့ ခေါ်ဆိုသုံးနှုန်းခြင်းဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ထာပွဲ မှာက အရမ်းကိုစည်ကားတယ်။ မိုးကုတ်က လူအကုန် အဲဒီထာပွဲမှာ သွားစုနေကြတယ်။ ဒီမှာက လုပ်စရာဆိုလို့ ကျောက်လုပ်ငန်းပဲ လုပ်တတ်တာများတယ်။ ကျောက်ဝယ်ရောင်းအလုပ်ကို မှီပြီး ရပ်တည်နေကြတာများတယ်။ ဒါကြောင့် ထာပွဲမှာ လူစည်တယ်။ ထာပွဲကိုရောက်မှ မိုးကုတ်ရောက်တယ်လို့တောင် သတ်မှတ်လို့ရတယ်”လို့လည်း ဒေသခံမိတ်ဆွေတစ်ဦးက ပြောပြခဲ့ပါတယ်။
ကမ္ဘာ့ စီးပွားပျက် ကပ်ရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် “ ထာပွဲ ”လောကမှ ပျက်လွင့်ပြယ်ခဲ့ရတဲ့ မိုးကုတ်ကျောက်ကုန်သည်၊ အရောင်းအ၀ယ်သမားများလည်း ရှိခဲံ့ပေမယ့်လည်း အခုအခါမှာတော့ အနည်းငယ် ပြန်လည်ကောင်းမွန်လာလိမ့်မယ်လို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

“အခုတော့ မိုးကုတ်ထာပွဲက နည်းနည်းလေး ပြန်ကောင်းလာတယ်လို့ ပြောရမယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတော့ ဘာမှကို လုပ်လို့မရဘူး။ ထာပွဲမှာ ကျောက်ကိုမရှိတာ။ အခု ကဖက်စပ်ငါးခုလောက်က ကျောက်တွေကိုလေလံပေးတယ်။ သူတို့ဆီက ၀ယ်ပြီးမှ ဒီထာပွဲမှာ ပြန်ပြီးအရောင်းအ၀ယ် ပြန်လုပ်ကြတာ။ အဲဒီတော့ အခု ထာပွဲထဲမှာ ကျောက်ကိုမြင်ရတယ်ပေါ့နော်။ ဖက်စပ်က ကုန်သည်ကြီး ကုန်သည်ငယ်တွေက ကျောက်ကို ပြန်ရောင်းပေးတယ်ပေါ့။ အလားအလာလေးတော့ နည်းနည်းမြင်လာတယ်လို့ ပြောလို့ရတယ်”လို့လည်း မိုးကုတ်ဒေသခံ တစ်ဦးကပြောပါတယ်။
လက်ရှိတည်ရှိနေတဲ့ ထာပွဲ ဟာ မကြာခင်မှာ ပြောင်းရွှေ့ရတော့မယ့်အကြောင်းနဲ့ ပြောင်းရွှေ့ရမယ့် နေရာအနေအထားကိုတော့ ဒေသခံတွေက ကြိုက်နှစ်သက်မှု မရှိဘူးလို့ မြို့မိမြို့ဖတွေနဲ့ ဒေသခံအချို့။ အဖွဲ့အစည်းအချို့က ပြောဆိုသုံးသပ်နေကြပါတယ်။ လက်ရှိ မိုးကုတ်မော်တယ်နားမှာရှိတဲ့ မြို့လယ်အင်းရဲ့ မြေပြင်ဖြစ်နေတဲ့ ဘောလုံးကွင်းနေရာကို ကျောက်မျက်ဈေးအဖြစ် စီမံကိန်းလုပ်ကိုင် ပြီး “ထာပွဲ”ကိုလည်း အဲဒီဈေးမှာပြောင်းရွှေ့ဖွင့်လှစ်မယ်လို့ လည်း ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
“ထာပွဲ နေရာရွှေ့တာကိုလည်း သဘောတူတယ်။ ကျောက်မျက်ဈေးစီမံကိန်းပြီးရင် အဲဒီမှာဖွင့်ရမှာကိုလည်း ကြိုက်တယ်။ ဒါပေမယ့် နေရာလေးကိုပဲ စဉ်းစားစေချင်တာပါ။ စီမံကိန်းကို သဘောမတူတာမဟုတ်ဘူး။ သဘောတူတယ်။ စီမံကိန်းလုပ်မယ့် နေရာကိုပဲ ပြောတာ။ အဲဒီနေရာကို ဘာလို့ရွေးတာလဲ။ ဒီနေရာမဟုတ်ဘဲ အခြားနေရာကိုရော စဉ်းစားလို့မရဘူးလား။ ပြီးတော့ ပွင့်လင်းမြင်သာမှုတွေ လိုနေသေးတယ်” လို့ နိုင်ငံရေးပါတီတစ်ခုရဲ့ ခရိုင် အတွင်းရေးမှူးက ပြောပါတယ်။


တစ်ပိုင်တစ်နိုင်ကျောက်တူးဖော်ခွင့်က ဒေသခံတွေကို အကျိုးမပြုတော့

မိုးကုတ်ရတနာမြေမှာ ကျောက်မျက်ရတနာတွေ တိုးမြှင့်ထုတ်လုပ်ရေး၊ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် နိုင်ငံသား ပုဂ္ဂလိက လုပ်ငန်းရှင်များ တစ်ပိုင်တစ်နိုင် ကျောက်မျက်ရတနာ တူးဖော်နိုင်ဖို့ ကွင်းဆင်းစစ်ဆေး တိုင်းတာခွင့်ပြုမိန့် ထုတ်ပေးသွားမယ်လို့ သတ္ထုတွင်းဝန်ကြီးဌာနက တရားဝန် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအတွက် ဒေသခံတွေ ၀မ်းသာပီတီဖြစ်ခဲ့ရပေမယ့် တကယ့်လက်တွေ့မှာတော့ ဒေသခံအများစုက တစ်နိုင်တစ်ပိုင် လုပ်ကွက်အတွက် ငွေကြေးမတတ်နိုင်ကြတာတွေနဲ့ ကြုံတွေ့ခဲ့၇တယ်လို့လည်း ပြောဆိုနေကြပါတယ်။
“တစ်ပိုင်တစ်နိုင်ဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုထားတယ်တော့ မသိဘူး။ အခုတော့ ဘတ်ဖိုးတွေနဲ့ ကုတ်ကော်ပြီးကိုလုပ်နေကြတာ။ တစ်ပိုင်တစ်နိုင်ပေးလည်း လုပ်ကွက်တွေက ပြစရာမရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းရှင်လက်ထဲတို့။ မြေ၀ယ်ထားတဲ့သူလက်ထဲတို့ပဲ ရောက်သွားတယ်။ ကိုယ်ကငွေကြေးမတတ်နိုင်လို့ တစ်ပိုင်တစ်နိုင်လျှောက်တာလေ။ အဲဒီအတွက် ကုန်ကျစရိတ်ကိုက အများကြီးဖြစ်နေတော့ ဘယ်လိုလုပ်မလဲ။ လုပ်ကွက်ကလည်း ပြနိုင်ဦးမှဆိုတော့ ဒေသခံ လူနည်းစုလောက်ပဲ အကျိုးဖြစ်မှာ။ အများစုကတော့ ဒုံရင်းပါပဲ”လို့ ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။
လျှောက်ထားလိုတဲ့ ဖော်ထုတ်လုပ်ကွက်အသစ် တည်နေရာပြ မြေပုံကြမ်းကို စာအိတ်မှာ ပူးတွဲထည့်ပြီး ၂၀၁၂ ခုနှစ်၊ ဇန်ဝါရီလ ၇ ရက်နေ့ကနေ ၁၄ ရက်ထိ ကျောက်မျက် လုပ်ငန်းရှင်များအသင်း (မိုးကုတ်) မှတစ်ဆင့် တင်သွင်း လျှောက်ထားရတာပါ။ တစ်ပိုင်တစ်နိုင်လုပ်ကွက်နဲ့ ပတ်သက်ပြီး လုပ်ကိုင်လိုသူတွေဟာ နိုင်ငံတော်အစိုးရကို အဆိုပြုငွေ ကျပ်ငါးသိန်းပေးသွင်းရတာဖြစ်ပါတယ်။ လုပ်ကွက်သစ်ရဲ့ သက်တမ်းကာလဟာ သုံးနှစ်အထိ ကြာမြင့်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လုပ်ကွက်အတွက် တိုင်းတာခ ကျပ်ငွေငါးသောင်း၊ ကျောက်မျက်အသင်းဝင်ကြေး ကျပ်ငွေခြောက်သောင်းကို တရားဝင်ပေးသွင်းရတာဖြစ်တဲ့ အတွက် တစ်ပိုင်တစ်နိုင်လုပ်ကိုင်လိုသူတွေဟာ အနည်းဆုံး ငွေကျပ် ခြောက်သိန်းကျော် ကုန်ကျတယ်လို့လည်း ဆိုပါတယ်။

မိုးကုတ်ဒေသ အနာဂတ်လှပဖို့ ဘယ်လိုပြင်ဆင်ကြမလဲ


မြို့ ကလေးကိုအရှေ့ အနောက် မျဉ်းပိုင်းလိုက်ရင် မြောက်ဘက်တောင်တန်းတွေက ကျောက်ပိုထွက်ပြီး တောင်ဘက်တောင်တန်းတွေက ကျောက်အရနည်းတယ်။ကျောက်ထွက်ကြမ်းတဲ့ မြောက်ဘက်ကတောင်တန်းတွေကို မြေကော်ကားတွေနဲ့ ဒီလိုသာဆက်တူးခဲ့ရင် တောင်ဝိုင်းရံတဲ့ မိုးကုတ်မြို့ ကလေးဟာလာဟင်းလင်းဖြစ်ရတော့မယ်။သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးရတော့မယ်။ အေးမြနေတဲ့မြို့  ကလေးပူလောင်ရတော့မယ်။
မိုးကုတ်မြို့ လေးကလှပတယ်။သယံဇာတတွေလည်းကြွယ်ဝတယ်။ဒါပေမယ့် မြို့ လူထုရဲ့ စီးပွားရေးက အရင်လို မကောင်းကြတော့။သယံဇာတပေါ်မှီခိုခဲ့ကြပေမယ့် အခုဘယ်လိုရှင်သန်ဖို့ လုပ်ဆောင်မယ်ဆိုတာဟာ အရေးကြီးတဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပါပြီ ။

` မိုးကုတ်မြို့ လေးကနေ လူတွေဝေးရာသွားခဲ့ကြရပြီ ။ ဒီလိုပဲ မြန်မာနိုင်ငံအနှံ့ကနေ သယံဇာတမှီခို ပြည်သူတွေထွက်ခွာကြရပေလိမ့်အုံးမယ် ။ “မိုးကုတ်မြို့ အနာဂတ်ကို ကယ်တင်နိုင်ဖို့ ဒေသခံတွေ၊ အဖွဲ့အစည်းတွေနဲ့ အသင်းအဖွဲ့တွေ အားလုံးပူးပေါင်းပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကျင်းပ အဖြေရှာမယ်” လို့ ဒေသခံတစ်ဦးကကြွေးကြော်ခဲ့တယ် ။ အဲကြွေးကြော်သံမှတဆင့် မိုးကုတ်မြို့ ကို အောင်မြင်စွာကယ်တင်နိုင်ဖို့ မျှော်လင့်မိပါတယ်။

ဆောင်းပါးရှင်-သင်းသင်းသော်

အမှတ်(၁၃၂) မြန်မာပို့စ် ဂလိုဘယ်သတင်းဂျာနယ်