Home » » ဖျက်မိုးကြောင့် နိုင်ငံတစ်ဝန်းရှိ သီးနှံများပျက်စီး

ဖျက်မိုးကြောင့် နိုင်ငံတစ်ဝန်းရှိ သီးနှံများပျက်စီး

Written By Unknown on Tuesday, October 29, 2013 | 3:03 PM

အောက်တိုဘာ နောက်ဆုံးရက်သတ္တပတ်အတွင်း ရွာသောမိုးကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ မိုးစပါးစိုက်ဧကများအပြင် အခြားသီးနှံစိုက်ခင်းအများစု ရေနစ်မြုပ် ပျက်စီးခဲ့ရကြောင်း ဒေသခံ စိုက်ပျိုးရေးသမားထံမှ သတင်းရရှိသည်။

ပုံမှန်အတိုင်း မိုးရွာသွန်းလေ့ရှိသည့် မြစ်ဝကျွန်းပေါ်ဒေသ နှင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသာမက မြန်မာနိုင်ငံအလယ်ပိုင်းဒေသများပါ အောက်တိုဘာ ၂၆ ရက် မှ စတင်ကာ နေ့စဉ် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြစ်ဝကျွန်းပေါ်ဒေသအများစုတွင် မိုးစပါးရိတ်သိမ်းချိန်သို့ ရောက်ရှိနေပြီး ရိတ်သိမ်းခြွေလှေ့ဆဲစပါးများ အဆိုပါမိုးကြောင့် ပျက်စီးမှုအနည်းငယ်ရှိနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဌာနမှ ၀န်ထမ်းတစ်ဦးက ပြောသည်။
““ပျက်စီးမှုကတော့ သေချာပေါက်ရှိနိုင်တယ်။ ဒေသတွင်းမှာ စပါးတွေ ရိတ်သိမ်းခြွေလှေ့နေကြတော့ ပျက်စီးမှုအနည်းဆုံးဖြစ်အောင် စက်စွမ်းအားနဲ့ အားစိုက်လုပ်ဖို့ တောင်သူတွေကို ညွှန်ကြားထားတယ်”” ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ၊ ဓနုဖြူ၊ ဇလွန်မြို့နယ်များအပါဝင် မြို့နယ်အများစုတွင် မိုးစပါး ရိတ်သိမ်းနေကြပြီး သုံးရက်ဆက်တိုက် ရွာသွန်းနေသော မိုးကြောင့် ရိတ်သိမ်းနေဆဲစပါးခင်းများ ရေနစ်မြုပ်နေသည်။
““ဒီနှစ် လယ်က စပါးအထွက်နှုန်း လုံးဝကောင်းမှာမဟုတ်တော့ဘူး။ စပါးတွေက မိုးဒဏ်ကြောင့် ကြွေပြီး အစို့ပြန်ပေါက်တဲ့အနေအထားဖြစ်သွားပြီ။ ရိတ်သိမ်းနေတုန်းဖြစ်တဲ့အတွက် အထွက်နှုန်းလည်းလျော့တယ်။ လုပ်အားခလည်း ပိုကုန်တယ်”” ဟု  ဟင်္သာတမြို့နယ် လယ်တော်ကျေးရွာမှ တောင်သူ ဦးလှစိုးက ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင်လည်း အောက်တိုဘာ ၂၆ ရက်မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းနေပြီး ဒေသတွင်း စိုက်ပျိုးထားသည့် ပဲသီးနှံစိုက်ခင်းများလည်း ရေနစ်မြုပ်နေကြောင်း ဒေသခံများက ပြောသည်။မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်မှ မြေပဲစိုက်တောင်သူ ဦးဝင်းတင့်က ၎င်းစိုက်ပျိုးထားသည့် မြေပဲစိုက်ခင်းများအပြင် ဒေသတွင်းစိုက်ပျိုးထားသည့် ဂျုံ၊ ပြောင်းနှင့် ပဲသီးနှံစိုက်ခင်းများ ရေနစ်မြုပ်နေကြောင်း ပြောသည်။

ထို့ပြင် မုံရွာခရိုင် ကနီမြို့နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေလျှံကာ ပဲသီးနှံစိုက်ခင်းများအပြင် မိုးစပါးစိုက်လယ်ဧကများလည်း ရေနစ်မြုပ်နေကြောင်း ကနီမြို့ဒေသခံ ဦးသိန်းဇော်က ပြောသည်။
““ဒေသတွင်းမှာ ချင်းတွင်းမြစ်ကခွဲထွက်လာတဲ့ ချောင်းတွေက အရမ်းများတော့ ချောင်းတွေ ရေလျှံပြီး စပါးခင်းရော၊ ပဲခင်းတွေပါ ရေမြုပ်ကုန်တာ။ ရိတ်သိမ်းချိန်မှာ ရေနစ်မြုပ်တဲ့အတွက် ပျက်ဖို့ပဲရှိတော့တယ်”” ဟု ၎င်းကဆိုသည်။

ဒေသအနှံ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပါးနှင့်ပဲမျိုးစုံ စိုက်ခင်းများ အနည်းနှင့်အများ ပျက်စီးမှုရှိနိုင်ပြီး ရေနစ်မြုပ် လယ်ဧကစာရင်းများကို စိစစ်နေဆဲဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန (နေပြည်တော်) မှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၈ ရက်တွင် ပြောသည်။

အောက်တိုဘာ ၂၇ ရက်တစ်ရက်တည်းမှာပင် ဂွနှင့် အမ်းမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဇလွန်မြို့နယ်နှင့် သာယာဝတီမြို့နယ်တို့တွင် မိုးရေချိန် စံချိန်သစ်တင် ရွာသွန်းခဲ့သည်။ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က  နိုဝင်ဘာလဆန်းပိုင်းအထိ မြန်မာနိုင်ငံဒေသအနှံ့ မိုးဆက်လက် ရွာသွန်းနိုင်ကြောင်း ခန့်မှန်းပြောကြားသည်။ မိုးဇ/လကလည်း နိုဝင်ဘာတွင် ဒေသအနှံ့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

7Day Daily