ညောင်လေးပင်၊ အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် အေးရွာတဲစုပိုင်း တွင်နေထိုင်သူ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ အချိန်မတိုင်မီ သွေးနီဥ ကျေပျက်ရောဂါ (Thalasammia) ခံစားနေရမှုကြောင့် အဆမတန် ကြီးမားနေသော သရက်ရွက်ကို ခွဲစိတ်ကုသရန်အတွက် ကုသစရိတ် လိုအပ်လျက် ရှိကြောင်း အဆိုပါကလေးကို လိုက်လံကူညီ ဆောင်ရွက်ပေးသူ ဒိုက်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးရွှေက ပြောကြားသည်။
အသက် ၁၃ နှစ်အရွယ် ကလေးငယ်မှာ ရောဂါဝေဒနာကြောင့် ဝမ်းဗိုက်မှာ ကြီးထွားလာပြီး ဝမ်းတွင်း၌ အလွန်ပူပြင်းသော ဝေဒနာကြောင့် ဝမ်းဗိုက်ကို မကြာခဏ ရေလောင်းပေးရကာ တစ်လ (သို့မဟုတ်) နှစ်လလျှင် တစ်ကြိမ်ခန့် လိုအပ်သလို သွေးသွင်းကုသမှု ခံယူရကြောင်း ၎င်း၏မိခင် ဒေါ်ဌေးမြင့်က ပြောကြားသည်။
အဆိုပါ ကလေးငယ်သည် အောက်တိုဘာလ ၆ ရက်နေ့မှစ၍ ဒိုက်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ဒိုက်ဦးမြို့နယ်မှ မေတ္တာဦး အခမဲ့ကုသိုလ်ဖြစ် ဆေးခန်း၊ စေတနာရှင် သွေးလှူရှင် လူငယ်အဖွဲ့တို့က တတ်စွမ်းသမျှ ကူညီပေးလျက် ရှိကြောင်း၊ ကလေး၏ မိဘများသည် ဆင်းရဲနွမ်းပါးသော တောင်သူလယ်သမားများ ဖြစ်သောကြောင့် ခွဲစိတ်ကုသရန် ငွေကြေး အကူအညီ လိုအပ်လျက် ရှိကြောင်း အဆိုပါ အသင်းများထံမှ သိရှိရသည်။
“ကလေးက သရက်ရွက်ကြီးနေတော့ ဒါကိုခွဲထုတ်လိုက်ရင် အစားလည်း လွတ်လွတ်လပ်လပ် စားလို့ရမယ်။ နေရထိုင်ရတာလည်း ပေါ့ပါးသွားမယ်။ သွေးလိုအပ်ချက် ကတော့ ခွဲပြီးရင်တောင် ရှိနေမှာပဲ” ဟု ဒိုက်ဦးမြို့နယ် မေတ္တာဦး အခမဲ့ ဆေးကုခန်းမှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။
အဆိုပါ ကလေး၏ ဆေးကုသစရိတ် ထောက်ပံ့လိုသူများ အနေနှင့် ဖုန်း ၀၉ ၄၉၄၄၂၄၅၂၊ ၀၉၄၅၈၀၂၅၁၄၁၊ ၀၉ ၄၂၈ ၂၀၄၂၃၈ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း မေတ္တာဦးအခမဲ့ ကုသိုလ်ဖြစ်ဆေးခန်း အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly