Home » » ဒီမိုကရေစီပန်းတိုင် မရောက်သေးဘူးလို့ ရခိုင်ပါတီခေါင်းဆောင်ပြော

ဒီမိုကရေစီပန်းတိုင် မရောက်သေးဘူးလို့ ရခိုင်ပါတီခေါင်းဆောင်ပြော

Written By Unknown on Sunday, October 13, 2013 | 7:45 AM

ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးရရှိရေးဟာ ၂၅ နှစ်တာ ကြာမြင့်လာပေမယ့် မရရှိသေးဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပါတီတည်ထောင်ခြင်း ငွေရတုအခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီနေ့ နေ့လည်ပိုင်းက ကျင်းပတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအထိမ်းမှတ် အခမ်းအနားမှာ ဦးအေးသာအောင်က အခုလို ပြောကြားခဲ့တာပါ။

“ဒီနေ့ကာလမှာ နိုင်ငံရေးပါတီတွေ စည်းရုံးခွင့်၊ ဟောပြောခွင့်ရလာတယ်၊ ဒါပေမဲ့ ၈ လေးလုံးအရေးတော်ပုံက မျှော်မှန်းချက်တွေ အထူးသဖြင့် အာဏာရှင်စနစ် ဖယ်ရှားဖို့၊ ဒီမိုကရေစီ ထွန်းကားဖို့ဆိုတဲ့ မျှော်မှန်းချက်တွေ၊ တိုင်းရင်းသားပြည်သူတွေရဲ့ မျှော်မှန်းချက်တွေ ပြည့်ဝပြီလားဆိုတော့ မပြည့်ဝသေးဘူး၊ အရှေ့ကိုအားတင်းပြီးတော့ ကျနော်တို့ ချီတက်ရဦးမယ်”

ဒါ့အပြင် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ အရေးကြီးတဲ့အတွက် လာမယ် ၂ဝ၁၄ ခုနှစ်မတိုင်ခင် ပြန်လည်ပြင်ဆင်မလား အသစ်ရေးဆွဲမလားဆိုတာ ဆုံးဖြတ်ဖို့လိုအပ်တယ်လို့လည်း ပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၁၉၉ဝ ရွေးကောက်ပွဲမှာ မဲတတိယအများဆုံးရရှိခဲ့တဲ့ ပါတီလည်းဖြစ်ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP တို့ ပူးပေါင်းပြီး လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပါတီသစ်ထူထောင် ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

RFA Burmese