Home » » လက်ပံတောင်း စီမံကိန်းက ယာမြေတွေပေါ်မှာ ရဲအများအပြား ဖြန့်ကျက်ချထား

လက်ပံတောင်း စီမံကိန်းက ယာမြေတွေပေါ်မှာ ရဲအများအပြား ဖြန့်ကျက်ချထား

Written By Unknown on Sunday, October 13, 2013 | 7:42 AM

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ လျော်ကြေးမယူရသေးတဲ့ မြေတွေကို ကုမ္ပဏီက ခြံစည်းရိုးခတ်နေတာကြောင့် ဒေသခံတွေနဲ့ လုံခြုံရေးယူထားတဲ့ ရဲတွေ အကြား နှစ်ဖက်အခြေအနေ တင်းမာမှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

မနေ့က ဖြစ်ခဲ့တဲ့ နောက်ဆုံး အခြေအနေ အရ ရဲအင်အားအများအပြားလည်း ယာမြေတွေပေါ်မှာ ဖြန့်ကျက်ချထားတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဧရိယာမှာ ကုမ္ပဏီဘက်ကနေ လျော်ကြေး မယူရ သေးတဲ့ မြေတွေကိုပါ ခြံခတ်နေလို့ မိုးကြိုပြင်နဲ့ ဆည်တည်း ရွာဘက်မှာ ဒေသခံ ၁၀၀ လောက်နဲ့ ရဲအင်အား ၅၀၀ လောက်အကြား အပြန်အလှန် တားဆီးမှုတွေ ဖြစ်ခဲ့ပါတယ်။

အကြီးစား စီမံကိန်းတွေ စတော့မှာ ဖြစ်လို့ ကုမ္ပဏီဘက်က အခုလို ခြံခတ်မှုတွေ လုပ်တာ ဖြစ်ပေမယ့် လျော်ကြေးမယူတဲ့ လယ်သမားတွေက သူတို့လယ်မြေတွေမှာ ပြန်လည် လုပ်ကိုင်ခွင့်ရရေးကို တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်ကတော့ အစီရင်ခံစာပါ အချက်တွေ အတိုင်း လုပ်နေတာဖြစ်ပြီး ဒေသခံတွေ နစ်နာမှု မရှိအောင် အတတ်နိုင်ဆုံး ဆောင်ရွက်နေတာဖြစ်လို့ စီမံကိန်းကို ရပ်တန့်မှာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက အကြီးစား လုပ်ငန်းခွင်တွေ မကြာခင်မှာ စတော့မှာ ဖြစ်တာမို့ လျော်ကြေးကိစ္စ မပြေလည်သေးတဲ့ စီမံကိန်းသတ်မှတ် မြေနေရာတွေမှာ ကုမ္ပဏီဖက်က ခြံစည်းရိုး လာခတ်လို့ ဆိုပြီး ရွာသားတွေနဲ့ လုံခြုံရေးရဲတွေကြား အပြန်လှန် တားဆီးတာတွေ ဖြစ်နေကြတာ ဖြစ်ပါတယ်။

အဲဒီ ဖြစ်ပျက်တဲ့နေရာကို ရောက်နေတဲ့ ဆည်တည်းရွာသူ မသန်းနုကလည်း လျော်ကြေးမယူရသေးတဲ့ သူတို့ပိုင် မြေဧက ၁၀ဝ ကျော် ခြံစည်းရိုးခတ်ခံရလို့ လာတား နေရတာလို့ ပြောပါတယ်။

အာဏာပိုင်ဖက်က စီမံကိန်းကို ဘာအကြောင်းကြောင့်နဲ့မှ ရပ်တန့်မှာမဟုတ်ဘူးလို့ ဆိုပေမယ့် ဒေသခံတွေကတော့ လျော်ကြေးလုံးဝယူမှာ မဟုတ်ပဲ သူတို့ပိုင်တဲ့မြေတွေမှာ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့ကိုပဲ ဆက်လက် တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)