Home » » လယ်သမား အခွင့်အရေးဥပဒေ သမ္မတ လက်မှတ်ရေးထိုးပြဌာန်း

လယ်သမား အခွင့်အရေးဥပဒေ သမ္မတ လက်မှတ်ရေးထိုးပြဌာန်း

Written By Unknown on Sunday, October 13, 2013 | 7:22 AM

ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် ပြဌာန်းလိုက်ပါတယ်။

အဲဒီ ဥပဒေမှာ တောင်သူတွေရဲ့ အခွင့်အရေးကို အဟန့်အတားဖြစ်စေမယ့် အချက်တွေမပါရှိပေမယ့် အကျိုးစီးပွားကို ဘယ်လိုကာကွယ်ပေးမလဲဆိုတဲ့ အချက်တွေအတွက်တော့ နည်းဥပဒေမှာ ဘယ်လိုပြဌာန်းသွားမလဲဆိုတာကို စောင့်ကြည့်ရအုံးမယ်လို့ ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လယ်ယာစီးပွားနဲ့ တောင်သူလယ်သမားရေးရာ ဒုတိယတာဝန်ခံ ကိုမျိုးသန့်က ပြောပါတယ်။

ဥပဒေမှာ တောင်သူလယ်သမားတွေ အရင်းအနှီးရရေးအတွက် အစိုးရက သင့်တင့်တဲ့ချေးငွေတွေနဲ့ အကူအညီပေးသွားဖို့၊ လယ်ယာထွက်ကုန် ရောင်းချတဲ့အခါမှာ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဈေးကွက်ရရှိဖို့အတွက် ကူညီဆောင်ရွက်ပေးသွားဖို့နဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ထိခိုက်နစ်နာမှုတွေအတွက် ကူညီထောက်ပံ့တာတွေ အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

မူလဥပဒေကြမ်းမှာ ပညာရှင်တွေနဲ့ တောင်သူလယ်သမားတွေ မလိုလားကြတဲ့ ကောက်ပဲသီးနှံ ဝယ်ယူရေးအဖွဲ့ဆိုတာ မပါဝင်တော့တဲ့အတွက် လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်ဖို့ အစိုးရက အကူအညီပေးသွားမယ်လို့ပဲ ပါရှိပါတယ်။

RFA Burmese