Home » » မိုးခေါင်၍ သီးနှံများဆုံးရှုံးခဲ့သော တောင်သူများကို ကူညီရန် JICA ကွင်းဆင်းလေ့လာ

မိုးခေါင်၍ သီးနှံများဆုံးရှုံးခဲ့သော တောင်သူများကို ကူညီရန် JICA ကွင်းဆင်းလေ့လာ

Written By Unknown on Thursday, September 12, 2013 | 1:28 PM

မိုးခေါင်မူကြောင့် စိုက်ပျိုးသီးနှံ ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ တောင်သူလယ်သမားများအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)မှ ငွေကြေးနှင့် နည်းပညာထောက်ပံ့ကူညီမှုများ ပေးအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မိုးခေါင်၍   သီးနှံပျက်စီးမှုများခဲ့သည့် မန္တလေးတိုင်းဒေသကြီး ညောင်ဦး၊ မြင်းခြံ၊ မိတ္ထီလာခရိုင်များမှ တောင်သူလယ်သမားများအတွက် အဓိကကူညီပေးမည်ဖြစ်ပြီး ယခုအခါ ငွေကြေးနှင့် နည်းပညာအထောက်အပံ့များ ပေးအပ်ရန် ရှေ့ပြေးကွင်းဆင်း လေ့လာခြင်းများ ပြုလုပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ  သတင်းရရှိသည်။

ယခုနှစ် မိုးဦးကာလတွင် မန္တလေးတိုင်းဒေသကြီးရှိ ညောင်ဦး၊ မြင်းခြံ၊ မိတ္ထီလာခရိုင်များတွင် မိုးခေါင်ခဲ့သောကြောင့် နှမ်းစိုက်ဧကပေါင်း ၃၅၀၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါဒေသများရှိ တောင်သူများ ၀င်ငွေပြန်လည်တိုးပွားလာစေရန်နှင့် လူနေမှုဘ၀များ တိုးတက်လာစေရန် ရည်ရွယ်ပြီး JICA မှ ကူညီထောက်ပံ့ရန် စီစဉ်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးလှမြင့်အောင်က ပြောကြားသည်။

““အဓိကကတော့ ငွေကြေး ကူညီထောက်ပံ့ပေးမှာပေါ့။ စက်ကိရိယာ၊ မျိုး၊ ရေရရှိရေးကိစ္စတွေကတော့ နောက်ပိုင်း ဆက်ပြီးတော့ အကူအညီပေးမှာပေါ့။ ဒီထက်ပိုကောင်းတဲ့ ဘယ်လိုသီးနှံတွေစိုက်ရင် ဘယ်လိုဝင်ငွေတိုးလာနိုင်မလဲ။ ဘာတွေအကူအညီပေးနိုင်မလဲဆိုတာတွေ အခု ဆာဗေးလုပ်နေတယ်”” ဟု တိုင်းဦးစီးမှူး ဦးလှမြင့်အောင်က ဆိုသည်။

လက်ရှိအချိန်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် JICA မှ စိုက်ပျိုးရေးကျွမ်းကျင်ဝန်ထမ်းများ ပူးပေါင်းပြီး အဆိုပါခရိုင်များအတွင်းရှိ ကျေးရွာများ၏ လူဦးရေ၊ ရေမြေအနေအထား၊ ရာသီဥတုအခြေအနေ၊ စိုက်ပျိုးမြေဧကပေါင်း၊ စိုက်ပျိုးနေသည့် သီးနှံမျိုးခွဲများကို စစ်တမ်းများ လိုက်လံကောက်နေကြောင်း သတင်းရရှိသည်။ ရှေ့ပြေးကွင်းဆင်းလေ့လာမှုများပြီးမှသာ အဆိုပါခရိုင်သုံးခရိုင်အတွင်း မည်သည့်နေရာတွင် အဓိကထောက်ပံ့မည်ကို အတည်ပြုချက် ထွက်ပေါ်မည်ဖြစ်သည်။

ထောက်ပံ့ရေးအစီအစဉ်များမှာ ၂၀၁၄ ခုနှစ်အတွင်းမှသာ စနိုင်မည်ဖြစ်ကာ ၂၀၁၃ တစ်နှစ်လုံး ကွင်းဆင်းလေ့လာမှုများသာ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ ထောက်ပံ့မည့် ငွေကြေးပမာဏကိုလည်း  ထောက်ပံ့ရေးအစီအစဉ်များ စတင်မှသာ သိရှိနိုင်မည်ဖြစ်ကြောင်း ဦးလှမြင့်အောင်က ပြောကြားသည်။
JICA သည် ၂၀၀၇-၂၀၀၈ ခုနှစ်အတွင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍  လာရောက်ကူညီပေးခဲ့ဖူးသည်။ ယခုနှစ် မိုးဦးကာလတွင် မိုးခေါင်ပြီး ဆည်ရေလုံလောက်စွာမရခဲ့သည့် လယ်ယာမြေများအတွက် ငွေကျပ်သိန်းပေါင်း ၁၆၀၀ ကျော် ချေးငွေချပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်နေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သတင်းရရှိသည်။

7day daily