Home » » ရန်ကုန်မြို့တော် ကလေးသူငယ် အဓမ္မပြုကျင့်ခံရမှု ရှစ်လအတွင်း ၆၀ကျော်

ရန်ကုန်မြို့တော် ကလေးသူငယ် အဓမ္မပြုကျင့်ခံရမှု ရှစ်လအတွင်း ၆၀ကျော်

Written By Unknown on Wednesday, September 18, 2013 | 1:59 PM

ရန်ကုန်၊ စက်တင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ်များ အဓမ္မပြုကျင့်ခံရမှုပေါင်း ၆၀ကျော် ရှိကြောင်း စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

ကလေးငယ်များ အဓမ္မပြုကျင့် ခံရမှုများသည် ၂၀၁၂ ခုနှစ်အတွင်း ၈၈မှု ရှိသော်လည်း ၂၀၁၃ ခုနှစ် တွင် ဇန်နဝါရီလ မှ သြဂုတ်လအထိ ၆၂ မှုရှိပြီး အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း အများဆုံး ဖြစ်ပွားနေကြောင်း ၄င်းကဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဒဂုံ မြို့သစ်(မြောက်ပိုင်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင်က အသက်မပြည့်သူ ကလေးများ အဓမ္မပြုကျင့်ခံရမှုကို ဖော်ထုတ်ပေးရန်နှင့် တိုင်းအစိုးရ အဖွဲ့က ကလေးသူငယ် လုံခြုံရေး အတွက် မည်သို့စီစဉ် ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်း မှုကို ပြန်လည်ဖြေကြားစဉ် ယင်းသို့ ထည့်သွင်းဖြေကြား ခဲ့ခြင်း ဖြစ်သည်။

"ကလေးတွေဟာ လွတ်လပ်စွာ ဆော့ကစားဖို့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို ခံစားနေရပါတယ်" ဟု ဦးထွန်းလွင် ကဆိုသည်။

ကလေးသူငယ်များ အဓမ္မပြု ကျင့်ခံရမှု ကာကွယ်ရန် မိဘများသည် မိမိတို့ကလေးငယ်များကို သွယ်ဝိုက်သော နည်းဖြင့် လိင်ပိုင်းဆိုင်ရာ ပညာပေးခြင်းကို လုပ်ဆောင်ရန် လိုအပ်ကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဗိုလ်မှူးကြီးတင်ဝင်းက ဆိုသည်။

အဓမ္မပြုကျင့်ခံရမှု အမှုအခင်းများကို အသေးစိတ်စစ်ဆေးနေပြီး ကျေးရွာများတွင် ပညာပေး ဟောပြောမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် မြို့နယ် များတွင် ကလေးသူငယ် အခွင်အရေး ဆိုင်ရာ ကော်မတီများကို ဖွဲ့စည်းဆောင်ရွက် နေကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

ယင်းလုပ်ရပ်များသည် လူမဆန်သော လုပ်ရပ်များဖြစ်ပြီး ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို ပျက်စီးစေသော ဓလေ့စရိုက် ဖြစ်သောကြောင့် ကလေးသူငယ်များ ကာကွယ်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား စက်တင်ဘာလ ၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်း ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောကြားသည်။
ယင်းဥပဒေကြမ်းတွင် ကလေးသူငယ် များကို အဓမ္မပြုကျင့်ပါက သေဒဏ်ပေးနိုင်သည် ဆိုသော အချက်ကို ထည့်သွင်း ရေးဆွဲထားကြောင်း ၄င်းကဆိုသည်။

(ဟိန်းသွင်ထက်)

The Voice Weekly