Home » » ခင်ဦးမြို့နယ်ထဲကို ဆွေပြ မျိုးပြ ဟုဆိုကာ ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသားအား ရဲကအရေးယူ

ခင်ဦးမြို့နယ်ထဲကို ဆွေပြ မျိုးပြ ဟုဆိုကာ ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသားအား ရဲကအရေးယူ

Written By Unknown on Monday, September 16, 2013 | 1:01 PM

ခင်ဦး၊ စက်တင်ဘာ ၁၄ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ မြန်မာ့ မီးရထားဘူတာရုံ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ရထားတပ်ဖွဲ့ဝင် ရဲတပ်သား ၀င်းကို နှင့်အဖွဲ့သည် ယခုလ ၁၁ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က မသင်္ကာဖွယ်ရာ နိုင်ငံခြားသား တစ်ဦးအား ဖမ်းဆီး၍ မြို့မရဲစခန်းသို့ ပို့ဆောင်အပ်နှံခဲ့သည့် ဖြစ်စဉ်တစ်ရပ် ပေါ်ပေါက်ခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ စုံစမ်းသိရှိရ သည်။

အဆိုပါ နိုင်ငံခြားသားတစ်ဦးသည် မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ ခုတ်မောင်းထွက်ခွာလာခဲ့သော အမှတ်( ၄၂ ) အစုန် ဒုတိယ အမြန်ရထားကြီး ခင်ဦးမြို့ ဘူတာသို့ ဆိုက်ရောက်လာပြီးနောက် ရထားစီးခရီးသည်များနှင့်အတူ ဘူတာစင်္ကြန်ပေါ်၌ သွားလာနေသည်ကို ရထားရဲတပ်ဖွဲ့ဝင်များမှ မြင်တွေ့ခဲ့ရသဖြင့် နိုင်ငံခြားသားများကို ကူညီစောင့်ရှောက် မှုပေးနိုင်ရန် အတွက် စစ်ဆေးမေးမြန်းခဲ့ရာမှ မသင်္ကဖွယ်ရာ အခြေအနေများကို စတင်တွေ့ရှိခဲ့ရသည်ဟု မီးရထားဝန်ထမ်း တစ်ဦးမှ ဆိုသည်။

၎င်း နိုင်ငံခြားသားမှာ တရုတ်နိုင်ငံသား တစ်ဦးဖြစ်ပြီး ထိုသူသည် အသက် ( ၂)နှစ်ခန့်အရွယ်ရှိ ကလေးငယ်တစ်ဦးနှင့် အတူ မြန်မာ အမျိုးသမီးငယ် တစ်ဦးလည်း လိုက်ပါလာကြောင်း ရထားစီး ခရီးသည်များမှ ၎င်းတို့၏ မြင်တွေ့ခဲ့ရပုံကို ပြောပြသည်။

ဒေသတွင်း လူကုန်ကူးမှုနှင့် လူမှောင်ခို ပြဿနာကိစ္စရပ်များ လုံးဝမပေါ်ပေါက်စေရန် သတိကြီးစွာဖြင့် တာဝန်ယူဆောင်ရွက် လျက်ရှိသော ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဝင်းသည် အဆိုပါ မသင်္ကာဖွယ်ရာ နိုင်ငံခြားသား ကိစ္စနှင့်ပတ်သက်၍ တရားဥ ပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားနိုင်ရန် မြို့နယ် လ၀က ဦးစီးအရာရှိ ဦးစိုင်းဆိုင်ကျောက်၊ မြို့မ ရဲစခန်းမှူး ဒုရဲမှူး ဘိုဘိုထွဋ် တို့နှင့်အတူ စကားပြန်မှတဆင့် ထိုနိုင်ငံခြားသားအား စစ်ဆေးမေးမြန်းခဲ့သည်။

သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ အဆိုပါ နိုင်ငံခြားသားသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ထိန်ချုံးခရိုင်၊ ချင်းခေ့မာလီဆန်း ကျေးရွာနေ (အဖ) မစ္စတာ ရှောင်ရဲဟုံ ၏သား မစ္စတာ ရှောင်ဟုံ အသက်( ၃၂ ) နှစ်ဆိုသူဖြစ်ကြောင်း သိရသည်။ ထိုသူသည် ယာဉ် မောင်းအလုပ်ကို လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး လွန်ခဲ့သော (၂)နှစ်ခန့်က ၀ိုင်းမော်မြို့နယ်၊ ဝေရံကျေးရွာသို့ ကောက်အငှားစိုက် ရန်အတွက် ရောက်ရှိနေသူ ဒီပဲယင်းမြို့နယ်၊ ကံပြားကျေးရွာနေ မခင်စန်းလွင် ဆိုသူနှင့် နှစ်ဦးသဘော တူ အိမ်ထောင်ပြုခဲ့ကြ သည်ဟု ဆိုသည်။ ယင်းနောက် မောင်မျိုးချစ်ဦး ဆိုသည့် သားတစ်ဦးရရှိလာသည့် အတွက် ဇာတိမြေသို့ ဆွေပြ မျိုးပြ နိုင်ရန် ၀င်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများအား လွတ်လပ်ပွင့်လင်းစွာ ဆောင်ရွက်ပေးနေသည့် အချိန်ကာလတွင် အမိနိုင်ငံအ တွင်းသို့ ပြည်ဝင်ခွင့် နိုင်ငံကူးလက်မှတ် မပါရှိဘဲ တရာမ၀င် ၀င်ရောက်လာသူ မသင်္ကဖွယ်ရာ တရုတ်နိုင်ငံသား မစ္စတာ ရှောင်ဟုံ နှင့် တရားမ၀င် လမ်းပြခေါ်ဆောင်လာသူ မခင်စန်းလွင် တို့အား မြို့နယ် လ၀က ဦးစီးအရာရှိ ဦးစိုင်းဆိုင်ကျောက် ၏ တရားလိုပြုလုပ် တိုင်တန်းချက်များအရ ခင်းဦးမြို့မ ရဲစခန်း(ပ) ၃၄၆/ ၂၀၁၃ လ၀က ဥပဒေပုဒ်မ ၁၃(၁)/ ၁၃(၅) အရ ယခုလ ၁၂ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က အမှုရေးဖွင့်၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာနေ ဒေသခံပြည်သူများ၏ ထုတ်ဖော်ပြောဆိုချက်များအရ အလုပ်အကိုင်အခွင့်အလမ်း ကောင်းသည်ဟုဆိုကာ မြန်မာအမျိုးသမီးငယ်လေးများကို လာရောက်ခေါ်ဆိုသူများ ယခင်က ထိုဒေသ၌ ရှိခဲ့ကြောင်း၊ လိုက်ပါသွားခဲ့သည့် သူများနှင့်လည်း ယနေ့ထိတိုင်အောင် ဆက်သွယ်၍ မရကြောင်း တောသူတောင်သားများဖြစ်သည့် မိဘ များအနေဖြင့် မည်ကဲသို့ ဆောင်ရွက်ရမည်ကို သဘောရိုးဖြင့်မသိခဲ့ရကြောင်း စသဖြင့် သိရှိရသည်။

သတင်း၊ဓာတ်ပုံ = ကိုတိုးကြီး၊