Home » » မိုးကြိုးထိမှန်၍ ကျောင်းသူသုံးဦးသေဆုံးပြီး ကျောင်းသူအများအပြားဒဏ်ရာရ (သတင်းအပြည့်အစုံ)

မိုးကြိုးထိမှန်၍ ကျောင်းသူသုံးဦးသေဆုံးပြီး ကျောင်းသူအများအပြားဒဏ်ရာရ (သတင်းအပြည့်အစုံ)

Written By Unknown on Monday, September 16, 2013 | 12:57 PM

ဟုမ္မလင်း၊ စက်တင်ဘာ ၁၆ ရက်၊ ၁၀ နာရီ ၁၅ မိနစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ နားမော်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း၌ ယခုလ ယခုလ ၁၄ ရက်နေ့ ညနေ ၃ နာရီ ၂၅ မိနစ်အချိန်ခန့်က ထစ်ချုန်းမိုးများ အပြင်းအထန်ရွာသွန်းပြီး မိုးကြိုးပစ်ခဲ့ရာ စာသင် ကျောင်းအတွင်း စာသင်ယူနေသည့် ကျောင်းသူလေး သုံးဦးအား မိုးကြိုးထိမှန်၍ သေဆုံးခဲ့ရကြောင်း ကျောင်းသားမိဘတစ် ဦးမှ ဆက်သွယ်ပြောကြားသည်။
၎င်း သတင်းများကြောင့် မိုးကြိုးထိမှန်သည့် စာသင်ကျောင်းသို့ နောင်ပိုအောင် နယ်မြေရဲစခန်းမှူး ဒုရဲအုပ် တင်မောင်လတ် နှင့် အဖွဲ့မှ ကျောင်းသူလေးများအား ကူညီပေးနိုင်ရန် ရောက်ရှိလာခဲ့သည်ဟုလည်း ထိုကျောင်းသားမိဘမှ ဆိုသည်။

ထို့နောက် နယ်မြေရဲစခန်းမှူးမှ သေဆုံးသူ ကျောင်းသူလေးများနှင့်ပတ်သက်၍ မှတ်တမ်းရေးသွင်းရာတွင် မသက်သက်ဝေ အသက်(၁၁)နှစ်၊ (ဘ) ဦးအောင်သင်း၊ ပဉ္စမတန်း၊ မအိအိစံ အသက်(၁၂)နှစ်၊ (ဘ) ဦးအောင်စိန် ဆဌမတန်း ဆိုသူနှင့် မမီး မီးလှိုင် အသက်(၁၀)နှစ်၊ (ဘ) ဦးအိုက်တိုး ပဉ္စမတန်းကျောင်းသူဟု သိရသည်။

မိုးကြိုးပစ်ရာတွင် အသက်သေဆုံးခြင်းမရှိဘဲ ထိမှန်ဒဏ်ရာရရှိသည့် ကျောင်းသားစာရင်းကိုလည်း နယ်မြေရဲစခန်းမှူးမှ ဆက် လက်၍ မှတ်တမ်းရေးသွန်းခဲ့ရာ မောင်ဇော်ထိုက်၊ မအေးမြင့်နွယ်၊ မမိုးမိုးအေး၊ မမော်ဝေစန်း၊ မထွေးထွေး၊ မမေစုခိုင်၊ မအေး မြတ်မွန်၊ မစုမြတ်လှိုင်၊ မဌေးဌေးဝင်း ဆိုသူနှင့် မစန်းစန်းမော် ဆိုသည့် အလယ်တန်းကျောင်းသား၊ ကျောင်းသူလေးများသည် အပြင်းအထန် နာကျင်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။ သို့သော် စိုးရိမ်ဖွယ်ရာ အခြေအနေမရှိသော်လည်း ကျောင်းသူလေးများ၏ စိတ်ဒဏ်ရာအား အချိန်ယူ၍ ကုစားဦးမည်ဟု ကျန်းမာရေး ၀န်ထမ်းတစ်ဦးမှ ဆိုသည်။
သေဆုံးသူ ကျောင်းသူလေးများနှင့် ဒဏ်ရာရရှိသူ ကျောင်းသူလေးများကို နောင်ပိုအောင် တိုက်နယ်ပြည်သူ့ဆေးရုံသို့ လူမှု ကူညီရေး အသင်းဝင် စေတနာဝန်ထမ်းများမှ မိုးရွာသွန်းနေသည့် အခက်အခဲကြားမှပင် အရေးပေါ်ပို့ဆောင်ခဲ့ရာ၌ သေဆုံးသူ ကျောင်းသူ မိဘတစ်ဦးမှ “ သမီးလေးက ဆရာဝန် အရမ်းဖြစ်ချင်နေတာ..ဗျ..” ဟု ဆို၍ ရင်ဘတ်စည်တီး ငိုယိုနေခဲ့သည်။

ရည်မှန်းချက်များကိုယ်စီဖြင့် ငြိမ်းချမ်းစွာ ပညာသင်ယူနေကြသည့် ကျောင်းသူလေးများ မိုးကြိုးထိမှန်၍ သေဆုံးခဲ့ရသည့် သ ဘာဝဘေးအန္တရာယ်ဖြစ်စဉ်အား ဟုမ္မလင်းမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၇/၂၀၁၃ အရ အမှုရေးဖွင့်၍ မှတ်တမ်း ရယူထားကြောင်း သိရသည်။ ၎င်းမှတ်တမ်းအရ ဒုရဲမှူး သိန်းဦးမှ ဆက်လက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အထက်အညာဒေသသည် နှစ်စဉ် မိုးရွာသွန်းမှု အလွန်များပြားပြီး ထစ်ချုန်းမိုးများလည်းရွာသွန်းတတ်ကြောင်း ဒေသခံများမှ ဆိုသည်။ သို့သော် မိုးရွာသွန်းမှုများသည့် ဒေသရှိ အဆောက်အဦးများတွင် သွပ်ပြားများအား အများစုမှမိုးထားကြသော် လည်း ခေတ်မီ မိုး ကြိုးလွှဲများတပ်ဆင်အသုံးပြုထားခြင်း မရှိကြောင်း စူံစမ်းသိရှိရသည်။

“ မိုးများတဲ့ဒေသတွေမှာ သဘာဝဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ ပညာသင်ကြားနိုင်ဖို့ဆိုရင် စာသင်ကျောင်းတိုင်းမှာ ခေတ်မီ မိုးကြိုးလွှဲတွေကို တပ်ဆင်အသုံးပြုသင့်ပါတယ်..” ဟု ဗိသုကာ ပညာရှင်ကြီး ဦးစိုတင့်(မောင်မောင်စိုးတင့် သလ္လာ)မှ အကြံပြုပြောကြားခဲ့သည်။

ထို့နေ့က အဆိုပါ ဖြစ်စဉ်နှင့် တချိန်တည်းမှာပင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်း တောင်အုပ်စု၊ တင်းပုတ်ကြီးတောတိုက် တစ်နေရာတွင် အသက်(၃၇)နှစ်အရွယ် ကိုမောင်လွင် ဆိုသူသည် မိုးကြိုး ထိမှန်၍ တောတဲအတွင်းသေဆုံးခဲ့ရသည်ဟု ကျွန်းလှမြို့မရဲစခန်း၏ သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၁၃အရ ဖော်ပြထားကြောင်း သိရှိရသည်။

(မေတ္တာမွန်ဖြင့် = ကိုတိုး ချင်းတွင်း)

သတင်း = ကိုတိုးကြီး၊ + ဓာတ်ပုံ = စနေမောင်မောင်