Home » » ရေကြောင်းအရာရှိ သင်တန်းသားနှစ်ဦး ညကလပ်ရှေ့တွင် အရိုက်ခံရ

ရေကြောင်းအရာရှိ သင်တန်းသားနှစ်ဦး ညကလပ်ရှေ့တွင် အရိုက်ခံရ

Written By Unknown on Saturday, September 7, 2013 | 7:22 PM

ရန်ကုန်၊ စက်တင်ဘာ ၆

တာမွေမြို့နယ်ရှိ DJ ညကလပ်ရှေ့တွင် စက်တင်ဘာလ ၄ ရက်နေ့ ည ၁၀ နာရီခန့်က ယင်းကလပ်ရှေ့ ကားလမ်းပိတ်နေစဉ် လမ်းဖယ်ခိုင်းရာမှ လူငယ်တစ်စုက ရေကြောင်းအရာရှိ သင်တန်းသားနှစ်ဦးကို ဝိုင်းရိုက်ကာ ထွက်ပြေးသွားကြောင်း တာမွေမြို့မရဲတပ်ဖွဲ့စခန်းမှ အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

မွေးနေ့ပွဲမှ ပြန်လာသည့် အဆိုပါ သင်တန်းသားနှစ်ဦးက ၎င်းတို့မောင်းလာသည့် ကားကို ရှေ့ကပိတ်ရပ်နေသည့် လူငယ်အုပ်စုကို လမ်းဖယ်ပေးရန် ပြောဆိုစဉ် အဆိုပါ လူအုပ်က မဖယ်ပေးသည့်အပြင် ကားဘောနက် အဖုံးပေါ် တက်ခုန်ခဲ့ကြောင်း၊ အဆိုပါ လုပ်ရပ်များကို ရပ်တန့် ပေးရန် DJ ကလပ် တာဝန်ရှိသူများကို အကူအညီ တောင်းခံစဉ် ရိုက်နှက်ခံရခြင်း ဖြစ်ကြောင်း ရေကြောင်း အရာရှိသင်တန်း ဒုတိယနှစ်ကျောင်းသားဖြစ်သူ ကိုအောင်ကျော်မြင့်က ဆိုသည်။

“ခေါင်းကို အုတ်ခဲကျိုးနဲ့ ထုပြီး ဗိုက်ကို ဘီယာပုလင်းကွဲနဲ့ ထိုးတယ်” ဟု စက်တင်ဘာလ ၄ ရက်နေ့ ည ၁၀ နာရီခန့်က ခုနစ်ဦးခန့်ရှိသည့် လူအုပ်၏ ဝိုင်းဝန်း ရိုက်နှက်ခံရမှုကို ၎င်းကရှင်းပြသည်။

ယင်းသင်တန်းသားနှစ်ဦးကို ရိုက်နှက်သူများမှာ တာမွေမြို့ရှိ DJ ကလပ်အနီးတွင် ညစဉ် ရမ်းကားနေသော လူငယ်အုပ်စု ဖြစ်ပြီး ရန်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း ယင်းကလပ်အနီးတွင် နေထိုင်သူများက ပြောကြားသည်။

“ဘယ်ကလူတွေမှန်းလည်း မသိဘူး။ ရိုက်တာများ မြန်လိုက်တာ ရှောင်ချိန်တောင် မရဘူး” ဟု ဝိုင်းအရိုက်ခံရသူ ရေကြောင်း အရာရှိသင်တန်းသား ကိုစည်သူက ဆိုသည်။

ဝိုင်းရိုက်ခံရသည့် သင်တန်းသား နှစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသနေရပြီး မစိုးရိမ်ရကြောင်း ယင်းဆေးရုံထံမှ စုံစမ်းသိရှိရသည်။

 The Voice Weekly