Home » » သြစီမှာ မဲတွေ စတင်ရေတွက်နေ

သြစီမှာ မဲတွေ စတင်ရေတွက်နေ

Written By Unknown on Saturday, September 7, 2013 | 7:06 PM

သြစတြေးလျနိုင်ငံမှာ ​ဒီကနေ့ ​အထွေထွေ ​ရွေးကောက်ပွဲကျင်းပကြပြီး ​သြစတြေးလျနိုင်ငံ ​အရှေ့ပိုင်း ​ပြည်နယ်တွေမှာတော့ ​မဲရုံတွေပိတ်ပြီး ​မဲရေတွက်မှု ​စတင်နေပြီ ​ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံဟာ ​မဲမပေး ​မနေရ ​စနစ်ကျင့်သုံးတဲ့ ​နိုင်ငံပေါင်း ​၃၀ ​ထဲက ​တစ်နိုင်ငံဖြစ်တဲ့အတွက် ​အသက် ​၁၈ ​နှစ်ပြည့်သူ ​နိုင်ငံသားတိုင်း ​မဲပေးခဲ့ကြပါတယ်။

မဲပေးမှုကနေ ​ကင်းလွတ်သူတချို့သာရှိပြီး ​အဲဒီ ​ပုဂ္ဂိုလ်တွေထဲမှာ ​ဗြိတိန်နိုင်ငံ ​ဘုရင်မနဲ့ ​ဘုရင်မရဲ့ ​သြစတြေးလျကိုယ်စားလှယ် ​ဘုရင်ခံချုပ် ​ပါဝင်ပါတယ်။ ​တော်ဝင်တွေ ​နိုင်ငံရေးမှာ ​ဘက်မလိုက် ​နေရမှာဖြစ်တဲ့အတွက် ​မဲမပေးကြတာ ​ဖြစ်ပါတယ်။

မဲပေးခွင့်မရှိသူ ​တချို့တွေကတော့ ​ရာဇာဝတ် ​ကျူးလွန်သူတွေနဲ့ ​မဲပေးမှုကို ​နားမလည်သူတွေ ​ဖြစ်ပါတယ်။

ဒီကနေ့ ​ရွေးကောက်ပွဲမှာတော့ ​ဘာသာစကား ​တစ်မျိုးထက်မက ​တတ်ကျွမ်းတဲ့ ​ရွေးကောက်ပွဲ ​ကော်မရှင်အမှုထမ်းတွေကို ​ပထမဆုံးအကြိမ် ​ခန့်အပ်ထားပြီး ​စကားပြန်တာတွေ ​လုပ်ပေးခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ​ကယ်ဗင်ရဒ် ​ဦးဆောင်တဲ့ ​လေဘာပါတီနဲ့ ​တိုနီအာဘော့တ် ​ဦးဆောင်တဲ့ ​အတိုက်အခံ ​ညွန့်ပေါင်းပါတီတို့ ​အဓိက ​ယှဉ်ပြိုင်ကြတဲ့နေ့ ​ဖြစ်ပါတယ်။

ပြိုင်ဖက်ခေါင်းဆောင်နှစ်ဦး ​သွားရောက်မဲပေးခဲ့တုန်းကလည်း ​ရုတ်ရုတ်သဲသဲ ​ဖြစ်ခဲ့ကြပါတယ်။

အတိုက်အခံခေါင်းဆောင် ​တိုနီအာဘော့တ်က ​ဆစ်ဒနီမြို့မှာ ​မဲပေးခဲ့ပြီး ​အဲဒီနေရာမှာပဲ ​သူ့ကို ​ဆန့်ကျင်ဆန္ဒပြမှုတွေ ​ဖြစ်ခဲ့ပြီး ​ဆန္ဒပြသူတွေက ​သူ့ကို ​လူမျိုးရေးခွဲခြားသူလို့ ​စွပ်စွဲဆန့်ကျင်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ​ကယ်ဗင်ရဒ်ကတော့ ​ကွင်းစလန်းပြည်နယ် ​ဘရစ်စဘိန်းမြို့ရှိ ​သူ့ရဲ့ ​မဲဆန္ဒနယ်မြေမှာ ​မဲပေးခဲ့ပြီး ​ဓာတ်ပုံဆရာတွေ၊ ​ဆန္ဒပြသူတွေ၊ ​သတင်းသမားတွေရဲ့ ​ဝိုင်းဝန်းမေးမြန်းမှုတွေ ​ကြုံခဲ့ရပါတယ်။

သြစတြေးလျနိုင်ငံ ​အရှေ့ပိုင်းပြည်နယ်မှာ ​မဲရေတွက်မှုတွေ ​စတင်နေပြီး ​အနောက်သြစတြေးလျ ​ပြည်နယ်မှာတော့ ​မဲတွေ ​ဆက်ပေးနေကြဆဲ ​ဖြစ်ပါတယ်။

ကြိုတင်မဲကောက်တမ်းတွေနဲ့ ​မဲပေးပြီးသားလူတွေကို ​မေးမြန်းချက်အရ ​အတိုက်အခံပါတီက ​အသာရကြောင်း ​ပြသနေပြီး ​ခန့်မှန်းချက်အတိုင်း ​ဖြစ်ပေါ်ခဲ့မယ်ဆိုရင် ​အတိုက်အခံပါတီခေါင်းဆောင် ​တိုနီအာဘော့တ်က ​၂၈ ​ယောက်မြောက် ​သြစတြေးလျနိုင်ငံရဲ့ ​ဝန်ကြီးချုပ် ​ဖြစ်လာမှာ ​ဖြစ်ပါတယ်။

ABC Radio Australia