Home » » ချင်းပြည်နယ် ကျေးရွာ ၃၀ စားနပ်ရိက္ခာရှားပါး

ချင်းပြည်နယ် ကျေးရွာ ၃၀ စားနပ်ရိက္ခာရှားပါး

Written By Unknown on Tuesday, September 3, 2013 | 5:30 PM

ကလေး၊ စက်တင်ဘာ ၂

ချင်းပြည်နယ် ထန်တလန်မြို့နယ် အတွင်းရှိ မားလ်တောင်ကြောနှင့် ဇာနတ်တောင်ကြောကြားရှိ ကျေးရွာပေါင်း ၃၀ ခန့်တွင် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ကြုံတွေ့နေကြကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလာလ်မောင်ကျုံးက The Voice သို့ ပြောကြားသည်။

ရာလ်ပဲလ်၊ လုံလဲရ်၊ ဒေါရ်း၊ ဇန်တလန်၊ လုံဒိန်း၊ ဘုံစွား၊ ဘုံတလန်၊ ဆိုင်က၊ ရွာဘုတ် စသော ကျေးရွာများတွင် စားနပ်ရိက္ခာ ရှားပါးနေခြင်း ဖြစ်ကြောင်း၊ ယင်းဒေသတွင် ရာသီဥတု ပြောင်းလဲမှု၏ နောက်ဆက်တွဲအဖြစ် အိန္ဒိယနိုင်ငံသို့ တင်ပို့နေသည့် အဓိကစိုက်ပျိုးသီးနှံဖြစ်သော ငရုတ်မှာ အထွက်နှုန်း နည်းလာ၍ ဒေသခံများ၏ စီးပွားရေး ကျဆင်းလာခြင်းနှင့် ၂၀၀၇ ခုနှစ်အတွင်း ကြွက်များအလုံး အရင်းဖြင့် စပါးခင်းများအတွင်း ဝင်ရောက် ဖျက်ဆီးခဲ့မှုနောက်ပိုင်း စပါးအထွက် လျော့လာခြင်းတို့ကြောင့် အဆိုပါ ကျေးရွာများတွင် စားနပ်ရိက္ခာ ရှားပါးလာရခြင်း ဖြစ်ကြောင်း၊ ယင်းကျေးရွာများတွင် ယခုနှစ်ဖေဖော်ဝါရီလ အတွင်းမှစတင်ကာ ဝမ်းစာစပါး ပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး ယခုအချိန်အထိ ဖူလုံမှု မရှိသေးကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“အခုသူတို့ရွာတွေရဲ့ အုပ်ချုပ်ရေးမှူးတွေ ပြောတာ သူတို့ ပြောင်းဖူးပဲ စားနေရတယ်။ တစ်ရက်မှာ တစ်နပ်လောက်ပဲ စားနေရတယ်လို့ ပြောတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါကျေးရွာများသို့ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြည်နယ်အစိုးရက ဆန်အိတ် ၂၀၀၀ ခန့် ကူညီပေးခဲ့သော်လည်း ဝမ်းစာခက်ခဲမှု အများဆုံးကျေးရွာမှာ ဆန်အိတ် ၅၀ ခန့်ရရှိပြီး အိမ်ထောင်စုတစ်စုလျှင် တစ်အိတ်ခန့်သာ ရရှိကာ တစ်လစာပင် လုံလောက်မှု မရှိကြောင်း၊ လက်ရှိ ထန်တလန်မြို့ပေါ်ရှိ ဘာသာရေးအဖွဲ့ အစည်းများက အကြွေးစနစ်ဖြင့် ရောင်းချပေးသောဆန်နှင့် ပြည်ပရှိ ချင်းအဖွဲ့အစည်းများက ထောက်ပံ့သော ဆန်ကိုသာ စားသောက်နေရကြောင်း ဦးလာလ်မောင်ကျုံးက ထပ်မံပြောကြားသည်။

အဆိုပါ ဝမ်းစာအခက်အခဲရှိသော ကျေးရွာများမှာ ထန်တလန်မြို့နှင့် ၂၅ မိုင်မှ မိုင် ၅၀ အထိ ဝေးကွာကြောင်း၊ ဆိုင်ကယ်လမ်းသာ ပေါက်ပြီး မိုးရာသီ၌ သွားလာရ မလွယ်ကူကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။

“ဝမ်းစာဖူလုံမှုကို စပါးတစ်မျိုးတည်းနဲ့ မတိုင်းတာဘဲ အခြားသီးနှံတွေ ဥပမာ- ဝဥ၊ ပြောင်း၊ အာလူးစတာတွေနဲ့လည်း တိုင်းတာရမယ်။ ကုန်ပစ္စည်း ရောင်းပြီးရင်လည်း ဆန်ပြန်ဝယ်လို့ ရတာပဲလေ။ ထန်တလန်ဘက်မှာက အရင်နှစ်ကလည်း ဒီလိုပါပဲ။ သူတို့ဘက်မှာ စိုက်တဲ့ငရုတ်က ဒီနှစ်မအောင်မြင်တော့ နည်းနည်းကျပ်တည်း သွားတာပါ။ တခြားသီးနှံတွေ ဖြည့်စိုက်ရင် ဒီလောက် ဖြစ်မှာ မဟုတ်ပါဘူး” ဟု ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က ဆိုသည်။

ထန်တလန်မြို့နယ်အတွင်း ကျေးရွာပေါင်း ၈၆ ရွာ ရှိသည့်အနက် ကျေးရွာ ၃၀ ခန့်တွင် ယင်းကဲ့သို့ ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း ဦးလာလ်မောင်ကျုံးထံမှ သိရသည်။

The Voice Weekly