Home » » ပဉ္စမတန်းပထ၀ီဝင်ဖတ်စာအုပ် ပုံနှင့်စာလွဲနေခြင်း လာမည့်ပညာသင်နှစ်တွင် ပြန်ပြင်မည်

ပဉ္စမတန်းပထ၀ီဝင်ဖတ်စာအုပ် ပုံနှင့်စာလွဲနေခြင်း လာမည့်ပညာသင်နှစ်တွင် ပြန်ပြင်မည်

Written By Unknown on Saturday, September 28, 2013 | 1:16 PM

ပဉ္စမတန်း သင်ရိုးရှိ ပထ၀ီဝင်ဖတ်စာအုပ် စာမျက်နှာ ၂၇ တွင် မြန်မာနိုင်ငံ၏ အရှေ့ ဘက်ကုန်းမြင့် ဒေသပုံနှင့် အနောက်ဘက်တောင်တန်းဒေသပုံ နေရာလွဲနေမှုကို လာမည့် ပညာသင်နှစ်တွင် ပြုပြင်သွားမည်ဖြစ်ပြီး အခြားလွဲမှားနေမှုများကိုလည်း စိစစ်နေကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ အရှေ့ဘက်ကုန်းမြင့်ဒေသပုံနှင့် အနောက်ဘက်တောင်တန်းဒေသပုံတို့အား ပုံနှင့်ပုံစာ လွဲမှားဖော်ပြမှုသည် မည်သည့်ပညာသင်နှစ်ကတည်းက မှားယွင်းနေသည်ကို မသိရသော်လည်း၂၀၁၃-၂၀၁၄ ပညာသင်နှစ်အထိ ဆက်လက်မှားယွင်းသည့်အတွက် လာမည့်ပညာသင်နှစ်တွင် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောခြင်းဖြစ်သည်။

““ခုနကပဲ ၀န်ကြီး PSO (ကိုယ်ရေးအရာရှိ) လာသွားတယ်။ အဲဒီအချက်ကိုပြင်ဖို့ လာပြောတာပါ။ တခြားအလွဲတွေကိုလည်း စိစစ်နေပါတယ်။ လာမယ့် ပညာသင်နှစ်မှာ ပြင်ဆင်သွားမှာပါ””ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

ပညာရေးဝန်ကြီးဌာနမှ ပုံနှိပ်ထုတ်ဝေနေသော သင်ရိုးဖတ်စာအုပ်နှင့် ပတ်သက်၍ ပဉ္စမတန်းကျောင်းသားမိခင်တစ်ဦးက မြန်မာမြေပုံတွင် နာမည်နေရာ လွဲမှားရိုက်နှိပ်ထားမှုကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

““မနေ့ညက သားစာကျက်တာနားထောင်ကြည့်တော့ မြန်မာနိုင်ငံ၏ အနောက်တောင်တန်းဒေသမှ တရုတ်နိုင်ငံသို့ ဆက်သွယ်ထားသော တောင်ကြားလမ်းများမှာ ..လို့ ကြားလိုက်လို့ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့အရှေ့ဘက်မှာရှိတာ။ သားဆိုနေတာမှားနေတယ်။ မြေပုံနဲ့တွဲကြည့်ပြီးကျက်ဆိုပြီး သားရဲ့ ငါးတန်းပထ၀ီဝင်ဖတ်စာအုပ် ယူကြည့်လိုက်တာ။ မြေပုံကိုတွေ့မှ သဘောပေါက်သွားတယ်။ အစိုးရကျောင်းဆက်ထားရမှာတောင် ကြောက်လာပြီ”” ဟု ပဉ္စမတန်း ကျောင်းသားမိခင်တစ်ဦးက ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

ပညာရေးဝန်ကြီးဌာနသည် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ ကျောင်းသုံးစာအုပ်များကို အရည်အသွေးမြှင့်တင်ရိုက်နှိပ်ရန် ပုဂ္ဂလိကလုပ်ငန်းရှင် ၂၃ ဦးအား လုပ်ငန်းလုပ်ကိုင်ခွင့်ပေးထားသည်။

7Day Daily