Home » » ဒလမြေဈေး သိန်းရာဂဏန်းပြန်ကျ

ဒလမြေဈေး သိန်းရာဂဏန်းပြန်ကျ

Written By Unknown on Monday, September 9, 2013 | 7:21 PM

ရန်ကုန်၊ စက်တင်ဘာ ၈

ယခုအစိုးရလက်ထက်အတွင်း ဒလတံတားစီမံကိန်း ပြုလုပ်မည် မဟုတ်ဟု ဆိုခြင်းကြောင့် ယင်းမြို့နယ် အိမ်၊ ခြံ၊ ဈေးများသည် ကျပ်သိန်းရာချီ ထိုးကျသွားကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။

သြဂုတ်လ ဒုတိယပတ်မှ စတင်ဈေးကျခြင်းဖြစ်ပြီး ယခင်က ပေ ၂၀x၆၀ အကျယ် မြေတစ်ကွက်လျှင် ကျပ်သိန်း ၁၂၀၀ ခန့် ဈေးပေါက်သော ဒလမြို့တွင်း နေရာများတွင် ယခုလက်ရှိပေါက်ဈေးမှာ ကျပ်သိန်း ၅၀၀၊ ၆၀၀ ခန့်သာ ရှိတော့ကြောင်း ရန်ကင်းမြို့နယ်မှ အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးနေမျိုးအောင်က ပြောကြားသည်။

“အရင်တုန်းကဈေး ပြန်ဖြစ်သွားတာပေါ့။ စီမံကိန်း ရှိတယ်ဆိုပြီး ဈေးတွေ အရမ်းတက်လာတာ” ဟု ၎င်းက ပြောဆိုသည်။

ယင်းမြို့နယ်အတွင်း ကျပ်သိန်း ၅၀၀ ခန့် ပေါက်ဈေး ရှိခဲ့သော နေရာများတွင်လည်း ယခုလအတွင်း ကျပ်သိန်း ၂၀၀ ခန့်ဖြင့် ပြန်ရောင်းသော်လည်း အရောင်းအဝယ် မဖြစ်သည့်အတွက် မရောင်းဘဲ တင်းခံနေကြောင်း ဦးနေမျိုးအောင်က ဆိုသည်။

“ရန်ကုန်နဲ့ အနီးဆုံး နေရာတွေကတော့ ဈေးကောင်းတယ်။ အခုတော့ ဈေးပြန်ကျနေတယ်” ဟု မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေအသင်းမှ သတင်းနှင့် ပြန်ကြားရေးမှူး ဦးဟိန်းမိုးမြင့်လွင်က ပြောကြားသည်။

ယင်းမြို့နယ်သည် ရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင်များ အတွက် နေရာကောင်းများ ဖြစ်သော်လည်း နေထိုင်မည့် သူများအတွက်မူ ရန်ကုန်မြို့နှင့် နီးစပ်သော နေရာများတွင်သာ နေထိုင်သင့်ပြီး မကြာမီ ဈေးပြန်ကောင်းလာနိုင်ကြောင်း အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းရှင်က ပြောဆိုသည်။

HMS

The Voice Weekly