Home » » မော်လိုက် ရဲစခန်းတွင် အချုပ်သားတစ်ဦးသေဆုံး

မော်လိုက် ရဲစခန်းတွင် အချုပ်သားတစ်ဦးသေဆုံး

Written By Unknown on Thursday, September 12, 2013 | 4:15 PM

စက်တင်ဘာလ ၁၂ ရက် ၂၀၁၃ ခုနှစ်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့မရဲစခန်း၌ မူးယစ်ဆေးဝါးမှုတစ်ခုနှင့် ပတ်သက်၍ သံသယရှိသဖြင့် ဖမ်းဆီးထားသော အချုပ်သားတစ်ဦး စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီက သေဆုံးခဲ့ကြောင်း သေသူ၏ မိသားစုဝင်များထံမှ စုံစမ်းရရှိသည်။

သေဆုံးသူမှာ မော်လိုက်မြို့နယ်အတွင်းရှိ နန်းသီကျေးရွာမှ အသက် ၅၅ နှစ်အရွယ် ဦးဘိုရှိန်ဖြစ်ကြောင်း၊ သူ့ကို မော်လိုက်ရဲစခန်း၌ အမှုအမှတ် မူးယစ်(ပ)၁၇/၂၀၁၃ ဖြင့် အမှုဖွင့်ထားကြောင်း သေသူ၏မိသားစု ၀င်များက ဆိုသည်။

သေဆုံးသူ ဦးဘိုရှိန်၏ ခြေထောက်များမှာ အနည်းငယ် ယောင်ရမ်းလျက်ရှိပြီး ကနဦးကတည်းက သူသည် အမောဖောက်ရောဂါ အခံရှိသည်ဟုလည်း သေသူ၏ မိတ်ဆွေများထံမှစုံစမ်းရရှိသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ သီးခြားသတင်းအတည်ပြုချက်ရယူရန် မော်လိုက်မြို့မရဲစခန်းသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့သဖြင့် သတင်းအတည်ပြုချက်ရရှိရန် ဆက်လက်ဆောင်ရွက်ဆဲ ဖြစ်သည်။

သို့သော် မော်လိုက် ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းက သေဆုံးသူသည် ဆေးရုံသို့ မွန်းလွှဲ ၁၂နာရီခွဲခန့်တွင် အမောဖောက်လျက်ရောက်ရှိလာကြောင်း၊ အရေးပေါ် အခန်းသို့ တက်ရောက်စေ၍ အောက်ဆီဂျင်များပေးကာ အထူးကြပ်မတ်ကုသခဲ့သော်လည်း တစ်နာရီခန့် အကြာတွင် ထိုလူနာမှာ သေဆုံးခဲ့ရသည်ဟု သိရှိရသည်။

ကိုတိုးကြီး
Mizzima - News in Burmese