Home » » ဧည့်လမ်းညွှန်များကို အနည်းဆုံး တစ်နေ့ ၃၅ ဒေါ်လာပေးရန် အောက်တိုဘာ ၁ ရက်မှ စ၍ သတ်မှတ်

ဧည့်လမ်းညွှန်များကို အနည်းဆုံး တစ်နေ့ ၃၅ ဒေါ်လာပေးရန် အောက်တိုဘာ ၁ ရက်မှ စ၍ သတ်မှတ်

Written By Unknown on Thursday, September 12, 2013 | 4:58 PM

စက်တင်ဘာလ ၁၂ ရက်

လိုင်စင်ရ ဧည့်လမ်းညွှန်များကို အောက်တိုဘာ ၁ ရက်မှ စတင်ကာ တစ်နေ့တာ ၀န်ဆောင်မှုအဖြစ် အနည်းဆုံး ၃၅ ဒေါ်လာပေးရန် သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံဧည့်လမ်းညွန်များ အသင်းဗဟို အလုပ်အမှုဆောင် ဦးထွန်းမြတ်က မဇိ္ဈမသို့ ပြောသည်။

အဆိုပါ အနည်းဆုံးသတ်မှတ်ချက်မှာ ယခင်ကသတ်မှတ်ခဲ့ခြင်းမရှိခဲ့ဘဲ လက်ရှိအချိန်တွင် ဧည့်လမ်းညွှန်များ၏ အရည်အသွေးအား အသင်းလက်အောက်ရှိ ပညာရေး ကော်မတီမှ သင်ကြားမြှင့်တင်ပေးထားပြီးဖြစ်၍ ထိုက်သင့်သော ၀န်ဆောင်မှုစရိတ် သတ်မှတ်ရခြင်းဖြစ်ကြောင်း ပြောသည်။

ဦးထွန်းမြတ်က “ဒီလိုသတ်မှတ်ရတဲ့ အဓိကက အကြောင်းက ခရီးသွားလုပ်ငန်းဟာ ဖွံ့ဖြိုးတိုးတက်လာပြီ၊ Guideတွေရဲ့ အရည်အချင်းတွေ မြှင့်တင်ထားပေးတယ်၊ ဒီလိုချိန်မှာ Guide ဖြစ်တဲ့အတွက် သတ်မှတ်ရတာပါ ”ဟု ပြောသည်။

ခရီးသွား ကုမ္ပဏီများနှင့် ဧည့်လမ်းညွှန်များကြားတွင် ၀န်ဆောင်မှု စရိတ်အဖြစ် ဧည့်လမ်းညွှန်၏ အတွေ့အကြုံပေါ် မူတည်ကာ ဒေါ်လာ ၂၀ မှ ၅၀ ထိ ၀န်ဆောင်ခပေးရသည်။

ဦးထွန်းမြတ်က အရင်ကတော့ “ဈေးအမျိုးမျိုး ရှိခဲ့တယ်၊ အခုတော့အတွေ့အကြုံနည်းလည်း အနည်းဆုံးတော့ ၃၅ ဒေါ်လာပေးရမယ်၊ Experience ရှိလို့ ဒေါ်လာ ၄၀၊ ၅၀ ဆိုတာတော့ ဧည့်လမ်းညွှန်အပေါ်မှာပဲ မူတည်ပါတယ် ”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် တရားဝင်လိုင်စင်ရ ဧည့်လမ်းညွှန်ပေါင်း ၃၀၀၀ကျော်ရှိပြီး လက်ရှိအချိန်တွင် ဒေသအလိုက် ဧည့်လမ်းညွှန်များရှိနေပြီးဖြစ်ကြောင်း သိရသည်။

တစ်နေ့တာ ၀န်ဆောင်မှုအနည်းဆုံးအဖြစ် ၃၅ ဒေါ်လာသည် တစ်နိုင်ငံလုံးလိုင်စင်ရ ဧည့်လမ်းညွှန်များအတွက်ဖြစ်ပြီး ဒေသခံဧည့်လမ်းညွှန်များ မပါဝင်ကြောင်း သိရသည်။ ဧည့်လမ်းညွှန်များ၏ ၀န်ဆောင်စရိတ်မှာ ဘာသာရပ်ပေါ်တွင် မူတည်ပြီးလည်း ကွာခြားသည်။

သီဟကိုကို
Mizzima - News in Burmese