Home » » အလုပ်သမားကို ညှဉ်းပန်းနှိပ်စက်မှုဖြင့် အမှုဖွင့်

အလုပ်သမားကို ညှဉ်းပန်းနှိပ်စက်မှုဖြင့် အမှုဖွင့်

Written By Unknown on Monday, September 9, 2013 | 5:25 PM

ရန်ကုန်၊ စက်တင်ဘာ ၈

မင်္ဂလာတောင်ညွန့်မြို့နယ် မြရာကုန်း ဘုန်းကြီးကျောင်းအနီးရှိ တရားမဝင် အခွေကူးလုပ်ငန်း လုပ်ကိုင်နေသော တိုက်ခန်းတွင် အလုပ်သမားကို ညှဉ်းပန်းနှိပ်စက်သည်ဟုဆိုကာ တိုင်ကြားသဖြင့် စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီတွင် အမှုဖွင့်ထားကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ စခန်းမှူးဝင်းအောင်ညီက The Voice သို့ ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် သောကြာရွာမှ အမျိုးသားလေးဦးသည် အဆိုပါ အခွေကူးလုပ်ငန်းတွင် လွန်ခဲ့သော သုံးလခန့်က လာရောက် လုပ်ကိုင်ခဲ့ရာ အလုပ်ရှင်က အလုပ်ချိန် ၁၂ နာရီကျော်သည်အထိ စေခိုင်းခြင်း၊ ထမင်းဝလင်စွာ မကျွေးခြင်း၊ လုပ်ခလစာ အပြည့်အဝ မပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု တိုင်တန်းသူ အလုပ်သမားတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ စခန်းမှူးက ရှင်းပြသည်။

အလုပ်သမား လေးဦးအနက် အသက် ၂၀ ကျော်အရွယ်ရှိ ကိုဇင်မျိုးကို မကြာခဏ အပြစ်ရှာကာ ဝါယာကြိုးများ ဖြင့်ရိုက်နှက်ခြင်း၊ လုပ်ခလစာ ကျပ်သုံးသောင်းကို သုံးလကြာသည်အထိ ပေးအပ်မှု မရှိခြင်းတို့ကြောင့် သြဂုတ်လတွင် ရွာသို့ထွက်ပြေးခဲ့ပြီး လှိုင်မြို့နယ်မှ လူမှုရေးအဖွဲ့တစ်ခု၏ အကူအညီဖြင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ကြောင်း အဆိုပါ မြို့မရဲစခန်းထံမှ သိရှိရသည်။

အလုပ်သမားကို ရိုက်နှက်မှုနှင့် ပတ်သက်၍ မြရာကုန်း ဘုန်းကြီးကျောင်းအနီး နေအိမ်တိုက်ခန်းများသို့ သွားရောက် စုံစမ်းမေးမြန်းသော်လည်း အခွေကူးလုပ်ငန်း လုပ်ကိုင်သူသည် အိမ်ငှားနေထိုင်သူဖြစ်ပြီး ၎င်းနှင့် ပတ်သက်၍ အခြားအကြောင်းများကို မသိရှိကြောင်း ယင်းရပ်ကွက်နေသူများက ဆိုသည်။

အလုပ်ရှင်နှင့် မန်နေဂျာတို့က အလုပ်သမားများကို “ဂျင်ကလိထားတာ မင်းတို့ကို ပစ်ဖို့ဝယ်ထားတာ။ လည်မျိုကို အပိုင်းပိုင်းလှီးပြီး အိမ်သာထဲ ထိုးထည့်ပစ်မယ်” ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း အလုပ်သမားများက မင်္ဂလာတောင်ညွန့်မြို့နယ် မြို့မရဲစခန်းထံသို့ လာရောက် တိုင်တန်းသော ကနဦး တိုင်ကြားချက်အရ သိရှိရသည်။

အလုပ်သမားများ တိုင်ကြားခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့တွင် အဆိုပါ အခွေကူးလုပ်ငန်း လုပ်ကိုင်ရာ တိုက်ခန်းသို့ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ ဆင်ဆာမဲ့ခွေ နှစ်သောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ စခန်းမှူးဝင်းအောင်ညီက ပြောကြားသည်။

အလုပ်ရှင် အောင်ကြီးနှင့် မန်နေဂျာ ရှုမဝအောင်ကို တို့ကို (ပ) ၆၂၆/၁၃၊ ပုဒ်မ ၃၄၁/၃၂၅/၃၇၄/၅၀၆/၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly