Home » » မူဆယ်မြို့လယ်ရှိ နေအိမ်အား အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်

မူဆယ်မြို့လယ်ရှိ နေအိမ်အား အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်

Written By Unknown on Friday, September 27, 2013 | 1:26 PM

မူဆယ်၊ စက်တင်ဘာ ၂၃

မူဆယ်မြို့၊ ခရစ်ယာန်ရပ်ကွက်၊ ဗိုလ်တဲလမ်းရှိ အိမ်အမှတ် (ခ/၈) ၌ စက်တင်ဘာ ၂၀ ရက်၊ ညနေ ၅ နာရီ အချိန်တွင် အသက် ၆၇ နှစ် အရွယ်၊ အငြိမ်းစားဆရာဝန်တစ်ဦးဖြစ်သော ဒေါက်တာ ဦးတင်ရန့် တစ်ဦးတည်း ရှိနေချိန် လူငယ်နှစ်ဦးက အကြမ်းဖက် ၀င်ရောက်တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါ ဆရာဝန်၏ ဇနီးဖြစ်သူ ဒေါ်ပြုံးပြုံးရီသည် မြစ်ကြီးနားမြို့ရှိ ယောက်မဖြစ်သူထံ အလည် သွားရောက်နေစဉ် လူငယ်နှစ်ဦးမှာ ဖွင့်ထားသည့် ခြံဝင်းတံခါးအတွင်း ၀င်ရောက်ပြီး လူနာအသွင်ဖြင့် တံခါးခေါက်ရာ ဆရာဝန်က တံခါးဖွင့်ပေးခဲ့ကြောင်း၊ အပင်ညှပ်ကပ်ကြေးအား ၀က်အူရစ်ဖြုတ်၍ တစ်ဦးလျှင် တစ်ဖက်စီ ဓားပုံသဏ္ဌာန်ကိုင်ဆောင်ပြီး သေစေရန် ရည်ရွယ်၍ နှစ်ဖက်ညှပ် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း အိမ်မှ ခွေးကဟောင်ခြင်း၊ ၀င်ရောက်ကိုက်ဆွဲခြင်းကြောင့် လူသတ် သမား နှစ်ဦး တုန့်ဆိုင်းသွားစဉ် ဆရာဝန်က ပြန်လည်ခုခံကာ …အိမ်အပြင်ထွက်၍ အကူအညီ တောင်းခံခဲ့ပြီး ရရှိသောဒဏ်ရာများကြောင့် မူဆယ် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပစ္စည်းများ ယူဆောင်သွားနိုင်ခြင်း မရှိသော်လည်း တရားခံများ ထွက်ပြေး လွတ်မြောက် သွားသောကြောင့် ပုဒ်မ ၄၅၂/၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ဆရာမောင်(မူဆယ်)

Myanmartandawsint Newspaper