Home » » စင်ကာပူတွင် အလုပ်ရှာ ပေးမည်ဟုပြောပြီး ငွေလိမ်သည့် ဇနီးမောင်နှံကို တိုင်တန်းထား

စင်ကာပူတွင် အလုပ်ရှာ ပေးမည်ဟုပြောပြီး ငွေလိမ်သည့် ဇနီးမောင်နှံကို တိုင်တန်းထား

Written By Unknown on Wednesday, September 18, 2013 | 2:32 PM

စင်ကာပူနိုင်ငံတွင် အလုပ်ရှာပေးမည်ဟု ပြောဆိုပြီး လူခုနစ်ဦးထံမှငွေလိမ်လည်တောင်းယူခဲ့သည့် ဇနီးမောင်နှံကို ငွေလိမ်ခံရသူများထဲမှတစ်ဦးဖြစ်သူက တိုင်တန်းထားသည့်အတွက် ဒဂုံအရှေ့ရဲစခန်းက စက်တင်ဘာ ၁၆ တွင် အမှုဖွင့် လိုက်ပြီးဖမ်းဆီးရန် လုပ်ဆောင်လျက်ရှိသည်။

အမှုကို ပဲခူးတိုင်းဝေါမြို့နယ်၊ မိုးနတ်ရွာနေ ကိုဇေယျာကအမှုဖွင့် တိုင်တန်းလိုက်ခြင်းဖြစ်ပြီး တစ်ရွာတည်း နေသူငယ်ချင်း ခြောက်ဦးတို့ထံမှ ငွေလိမ်လည်ရယူသွားသည်ဟုလည်း ရဲစခန်းကို ပြောပြထားသည်။

ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူဇနီးမောင်နှံသည် စက်တင်ဘာ ၁၅ ရက် ညနေ ၅ နာရီက ရောက်ရှိလာပြီး စင်ကာပူနိုင်ငံတွင်ဆွေမျိုးရှိသဖြင့် အလုပ်အကိုင် ရှာဖွေပေးမည်ဟု စည်းရုံးပြောဆိုခဲ့သည်ဟု ကိုဇေယျာက ရဲစခန်းတွင် တိုင်ထားသည်။

ထို့ပြင် ပို့ဆောင်ခအဖြစ် စာရွက်စာတမ်းကြေး သုံးသိန်းအားလက်ငင်းပေးချေကာ ကျန်ငွေ ၂၂သိန်းကို စင်ကာပူတွင် အလုပ်ဝင်ပြီးလစာရရှိမှ အရစ်ကျပေးနိုင်ကြောင်း ပြောဆိုခဲ့သည်ဟုလည်း တရားလိုက ရဲအား ပြောပြထားသည်။

ထို့ကြောင့် ၄င်းတို့ခုနစ်ဦးက အရှေ့ဒဂုံမြို့နယ် (၃)ရပ်ကွက်ရှိ အဒေါ်တော်စပ်သူ ဒေါ်သန်းသန်းဝင်း၏ နေအိမ်တွင် အဆိုပါ ဇနီးမောင်နှံအား ငွေကျပ် ၃၇၈၂၀၀၀ ကို သုံးကြိမ်ခွဲပြီး ပေးအပ်ခဲ့သည်ဟု ဆိုထားသည်။

သို့သော် အဆိုပါ ဇနီးမောင်နှံမှာစင်ကာပူသို့ ပို့ဆောင်ပေးခြင်းမရှိသည့်အပြင် ပြည်ပအလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းလိုင်စင်မရှိဘဲ တရားမ၀င်ဆောင်ရွက်ခဲ့ကြောင်းသိရသဖြင့်ယခုကဲ့သို့ အမှုဖွင့်တိုင်တန်းရခြင်း ဖြစ်ကြောင်း တရားလိုဖြစ်သူ ကိုဇေယျာက ရဲအား ထွက်ဆိုထားသည်။

စွပ်စွဲတိုင်တန်းခံထားရသူများမှာ ရွှေပြည်သာမြို့နယ်၊ (၁၆) ရပ်ကွက်၊ အောင်မေတ္တာလမ်းနေ ဦးမိုးမြင့်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဦးတို့ ဖြစ်သည်ဟု ရဲဌာနက အတည်ပြုထားသည်။

အဆိုပါ တိုင်တန်းချက်ကြောင့် မြို့နယ်ရဲစခန်းက (ပ) ၄၂၇/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲတိုင်တန်းခံထားရသူများအား ဖမ်းဆီးစစ်ဆေးရန် လုပ်ဆောင်လျက်ရှိပြီး ဖမ်းမိစစ်ဆေး၍ ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ပြည်ပ အလုပ်အကိုင် အက် ဥပေဒပုဒ်မ ၂၆ ဖြင့် တရားစွဲဆိုမည် ဖြစ်သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese