Home » » ကချင်စစ်ဘေး ဒုက္ခသည်စခန်းများ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ လေ့လာ

ကချင်စစ်ဘေး ဒုက္ခသည်စခန်းများ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ လေ့လာ

Written By Unknown on Monday, September 23, 2013 | 6:26 AM

ကချင်ပြည်နယ်ကိုရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့အဖွဲ့ဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဒီကနေ့ သွားရောက်ပြီး ထောက်ပံ့ရေးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။

ကယ်ဆယ်ရေးစခန်းတွေကိုလာရောက်ရတာနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်က စစ်ဘေးရှောင် ပြည်သူတွေနဲ့ တွေ့ဆုံချိန်မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောပါတယ်။

"ကျွန်တော်တို့ အမျိုးသားလွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ကယ်ဆယ်ရေးနဲ့ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီက လုံခြုံရေးကြောင့် မိမိတို့ရဲ့နေရင်းဒေသကိုစွန့်ခွာပြီး၊စခန်းတွေမှာ စုစည်းနေရတဲ့ ပုဂ္ဂိုလ်တွေကို စိတ်မကောင်းတဲ့အတွက် ကိုယ်ချင်းစာစိတ်နဲ့ကူညီကယ်ဆယ်စောင့်ရှောက်ဖို့ဆိုပြီး၊ဒီလိုကူညီလို့ စစ်ကြောင့်ဖြစ်တဲ့ အနာတရတွေ သက်သာပါစေဆိုတဲ့ ဆန္ဒနဲ့ဆောင်ရွက်တာဖြစ်ကြောင်း ရှင်းလင်း တင်ပြလိုပါတယ်"

လတ်တလောအခြေအနေတွေအရ မြန်မာနိုင်ငံမှာ သဘာဘေးအန္တရာယ်တွေနဲ့ လူမှုပဋိပက္ခတွေကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာခိုလှုံနေကြရတဲ့ ပြည်သူတွေကို ပြည်တွင်းနဲ့နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး အတတ်နိုင်ဆုံး ကူညီထောက်ပံ့မှုတွေပေးနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေက ဂျန်မိုင်ကောင်နှစ်ခြင်းအသင်းတော် ကယ်ဆယ်ရေးစခန်းကပြည်သူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန်မှာတော့ ဗန်းမော်မြို့ကိုသွားရောက်မှာဖြစ်တယ်လို့သိရပါတယ်။

RFA Burmese