Home » » မန္တလေးတွင် ငလျင်သုံးကြိမ် ဆက်တိုက်လှုပ်

မန္တလေးတွင် ငလျင်သုံးကြိမ် ဆက်တိုက်လှုပ်

Written By Unknown on Saturday, September 21, 2013 | 2:21 PM

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် အနီးတစ်ဝိုက်တွင် ငလျင်သုံးကြိမ် ဆက်တိုက် လှုပ်ခတ်သွားကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၅၈ မိနစ်တွင် မန္တလေးမြို့ မြေငလျင်စခန်းမှ မြောက်ဘက်မိုင် ၈၀ အကွာ သပိတ်ကျင်းမြို့အနီးတွင် ရစ်ခ်ျစတာစကေး ၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခ...ဲ့ကြောင်း၊ ယင်းနောက် ညနေ ၆ နာရီ ၂၃ မိနစ်တွင် မန္တလေးမြို့ မြေငလျင်စခန်းမှ မြောက်ဘက်မိုင် ၆၀ ခန့်အကွာ သပိတ်ကျင်းမြို့နယ် အနီးတွင် အင်အား အသင့်အတင့်ရှိ ရစ်ခ်ျစတာစကေး ၅ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားခဲ့ကြောင်း ဆိုပါဌာနမှ သိရသည်။

ဒုတိယအကြိမ် လှုပ်ခတ်မှုတွင် သပိတ်ကျင်း၊ ရွှေဘို၊ စဥ့်ကူးမြို့များတွင်လည်း ငလျင်လှုပ်ခတ်မှု ခံစားမှု ရှိကြောင်း ယင်းမြို့ခံများက ပြောကြားသည်။

တတိယအကြိမ်အဖြစ် ညနေ ၆ နာရီ ၅၅ မိနစ်တွင် မန္တလေးမြို့ မြေငလျင်စခန်းမှ မြောက်ဘက် ၆၅ မိုင် သပိတ်ကျင်းမြို့ အနောက်မြောက်ဘက် ၄ မိုင်ခန့် အကွာတွင် အင်အား ရစ်ခ်ျစတာစကေး ၅ ဒသမ ၄ ရှိ ငလျင် ထပ်မံလှုပ်ခတ်ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထပ်မံသိရှိရသည်။

အဆိုပါ ငလျင်လှုပ်မှုကို သပိတ်ကျင်း၊ မတ္တရာ၊ မြင်းမူ၊ မြစ်ငယ်၊ မိုးကုတ်၊ မိုးမိတ်၊ မန္တလေး၊ နောင်ချိုနှင့် ပြင်ဦးလွင် မြို့တို့ကလည်း ခံစားမှုရှိကြောင်း အဆိုပါဌာနမှ သိရသည်။

ယင်းငလျင်များကြောင့် ဖြစ်ပေါ်သည့် ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှု အခြေအနေကိုမူ မသိရှိရသေးပေ။ ယင်းသို့ ငလျင်လှုပ်ခတ်ခြင်းမှာ စစ်ကိုင်း ပြတ်ရွေ့ကြောကြောင့် ဖြစ်နိုင်ကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း အင်အား ရစ်ခ်ျစတာစကေး ၆ ဒသမ ၈ ရှိ ငလျင်လှုပ်ခတ်ခဲ့ဖူးသည်။ ၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က ရှမ်းပြည်နယ် ကျိုင်းတုံခရိုင် တာလေမြို့နယ်ခွဲတွင် လှုပ်ခတ်ခဲ့သည့် အင်အား ရစ်ခ်ျစတာစကေး ၇ အဆင့်ရှိ တာလေ ငလျင်ကြောင့် လူ ၁၀၀ ကျော် သေဆုံးပြီး လူ ၃၀၀ ဦးခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

The Voice Weekly