Home » » တောင်တရုတ်ပင်လယ်တွင် ငါးဖမ်းလှေ ၃ စီးနစ်မြုပ်၊ ၇၄ ဦးပျောက်ဆုံး

တောင်တရုတ်ပင်လယ်တွင် ငါးဖမ်းလှေ ၃ စီးနစ်မြုပ်၊ ၇၄ ဦးပျောက်ဆုံး

Written By Unknown on Monday, September 30, 2013 | 6:22 PM

တောင်တရုတ်ပင်လယ်ကနေ တိုင်ဖွန်းမုန်တိုင်း ထွက်ခွာသွားချိန်မှာ ငါးဖမ်းလှေ ၃ စီး နစ်မြုပ်ပြီး တရုတ်တံငါသည် ၇၄ ဦး ပျောက်ဆုံးနေပါတယ်။

မနေ့က ဟိုင်နန်ခရိုင်ကနေ ၃၃၀ ကီလိုမီတာအကွာ ပါရာဆဲလ်ကျွန်းတွေအနီးမှာ သင်္ဘောတွေကို တိုင်ဖွန်းမုန်တိုင်း ၀ူတစ်က တိုက်ခတ်သွားတာလို့ ရှင်းဟွာသတင်းဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
အခု ဟိုင်နန်ရေကြောင်း ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးဌာနက ပျောက်ဆုံးနေသူတွေကို လိုက်ရှာနေပါတယ်။ အသက်ရှင်သူ ၁၄ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မုန်တိုင်းကြောင့် ဗီယက်နမ်မှာ မိုးရွာနိုင်သလို ထိုင်းနိုင်ငံကိုလည်း အောက်တိုဘာ ၁ ရက်နေ့ မုန်တိုင်းဝင်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်းနိုင်ငံ တာဝန်ရှိသူတွေဟာ အရှေ့မြောက်ဘက်က ရေလွှမ်းမိုးမှု ကြုံနေရတဲ့ ဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ သတိပေးထားပြီး ရေကြီးတဲ့ဇုန်တွေမှာ ပိတ်မိသောင်တင်နေသူတွေကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ပေးဖို့ စစ်တပ်ကို အကူအညီ တောင်းထားပါတယ်။ ဒီနှစ် ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ရပါတယ်။

ဗီယက်နမ်နိုင်ငံ ဗဟိုပိုင်းက အာဏာပိုင်တွေကလည်း ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို မုန်တိုင်း မ၀င်ရောက်ခင် ကျောင်းတွေနဲ့ တခြား ခိုင်ခံ့တဲ့ အဆောက်အအုံတွေဆီ ပြောင်းရွှေ့ပေးထားပါတယ်။
တိုင်ဖုန်း ၀ူတစ်သာ တည့်တည့် တိုက်ခတ်လာရင် ဗီယက်နမ်ရဲ့ ဗဟိုအချက်အချာကျတဲ့ ကွမ်ထရီ ခရိုင်က ခန့်မှန်းခြေ လူ ၈ သောင်း ၂ ထောင်လောက်ကို ဘေးလွတ်ရာ ပြောင်းပေးဖို့ လိုလိမ့်မယ်လို့ အစိုးရထုတ်ပြန်ချက်က ပြောပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ပြည်နယ်အတော်များများမှာ မိုးသည်းထန်စွာ ရွာနေဆဲဖြစ်ပြီး ဒီသီတင်းပတ်ထဲမှာလည်း ရေကြီးမြေပြိုတွေ ထပ်ဖြစ်နိုင်ခြေ ရှိတယ်လို့လည်း ဆိုပါတယ်။

by ဒီဗွီဘီ