ညနေခင်း မှောင်ရီပျိုးချိန် ရန်ကုန်မြို့ကြီး၏ အချက်အချာ မြေနီကုန်းမီးပွိုင့်တွင် လသားအရွယ်ကလေးကို အသက်လေးနှစ်ခန့် ကလေးကချီကာ မီးပွိုင့်တွင် ရပ်ထားသော ကားတိုင်းထံ ပိုက်ဆံလိုက်လံ တောင်းခံနေသည်။
ထိုအချိန်သည် လသားအရွယ် ကလေးလုပ်သားနှင့် လေးနှစ်အရွယ် ကလေးလုပ်သား နှစ်ဦး၏ အလုပ်စတင်ချိန်။
အလုပ်လုပ်နေသော ကလေးသူငယ်များ၏ မြင်ကွင်းက ၎င်းတို့နှစ်ဦးနှင့် မလုံလောက်သေးပါ။ ကားလမ်းဘေးတစ်ဖက် ကလက်ဖက်ရည်ဆိုင်များတွင် အသက် ၁၀ နှစ် မှ ၁၅ နှစ်ကြား ယောက်ျား လေးများက ဝမ်းရေးအတွက် ဝယ်သူအကြိုက်၊ ဆိုင်ပိုင်ရှင်အကြိုက် စားပွဲထိုးနေသည်။
socie_mpetktm_LYM_SWHယင်းသို့သော မြင်ကွင်းမျိုးကို ရန်ကုန်မြို့တော် နေရာအနှံ့အပြားတွင် သာမက နိုင်ငံတစ်ဝန်း လူစည်ကားရာ မြို့ကြီးများတွင်လည်း တွေ့နိုင်ပြီး တောင်ယာစိုက်ပျိုးခင်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ ကုန်စည်သယ်ပို့မှုများ အစရှိသဖြင့် လုပ်ငန်းခွင် အမျိုးမျိုးတွင်လည်း ပုံစံအမျိုးမျိုးဖြင့် ကလေးလုပ်သားများကို တွေ့မြင်ရနိုင်သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်အရ ကလေးလုပ်သား နှစ်မျိုးရှိပြီး ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာနှစ်ခုလုံး ထိခိုက်အောင် အဆိုးရွားဆုံး ခိုင်းစေခံနေရ သည့် ကလေးသူငယ်များနှင့် မိသားစု စီးပွားရေးအတွက် အကူအညီဖြစ်ရန် သာမန် အပေါ့စားအလုပ်များ လုပ်နေသော ကလေးငယ်များဟူ၍ နှစ်ပိုင်း ခွဲခြားနိုင်သည်။
ယင်းကြောင့် လက်ဖက်ရည်ဆိုင်များ၊ အိမ်အကူများ၊ စက်ရုံအလုပ်ရုံများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်နေသည့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ၊ ပိုက်ဆံတောင်းစားနေသည့် ကလေးသူငယ်များ၊ ကလေးလိင် လုပ်သားအဖြစ် ခိုင်းစေခံနေရသူများနှင့် တပ်မတော်နှင့် အခြားလက်နက်ကိုင် အဖွဲ့အစည်းများ လက်အောက်ရှိ အသက် ၁၈ နှစ်အောက် စစ်မှုထမ်းများ အားလုံးတို့ကို ကလေးလုပ်သားအဖြစ် သတ်မှတ်နိုင်သည်။
ထိုသို့ ကလေးလုပ်သားများ ပေါ်ပေါက်လာခြင်း၏ နောက်ကွယ်တွင် ဆင်းရဲနွမ်းပါးမှု ပြဿနာနှင့် ချို့ယွင်းချက်ရှိသော ပညာရေးစနစ်တို့က ရှိနေပါသည်။ အလားတူ အခြားနိုင်ငံရေးစနစ်၊ စီးပွားရေး စနစ်၊ ယဉ်ကျေးမှု ထုံးထမ်းဓလေ့များကလည်း ကလေးလုပ်သားများစွာ ပေါ်ပေါက်လာရန် တွန်းအားဖြစ်စေခဲ့သည်။
‘ကမ္ဘာမီးလောင် သားကောင်ချနင်း’ ဆိုသည့်အတိုင်း ဆင်းရဲနွမ်းပါးမှုနှင့် အသိပညာ နည်းပါးမှုကြောင့် ယခုအချိန်တွင် ကလေးသူငယ် အချို့သည် သားကောင်များအဖြစ် ခံစားနေရသည်။ အဆိုပါ ကလေးငယ်များသည် မီးလောင်ပြင်တွင် ချနင်းခံနေရသည်။ မည်သူကြောင့် နင်းချေခံနေရသနည်း ဆိုသည့် မေးခွန်းအတွက် အဖြေပေါင်းများစွာ ရှိသော်လည်း လက်ရှိအချိန်သည် အဖြေကို ချရေးရမည့်အချိန် ဖြစ်နေပေပြီ။
“အမေနေမကောင်းလို့ အစ်မရယ်၊ အဘွားရယ်၊ သမီးရယ်က ပိုက်ဆံလိုက်တောင်းနေတာ” ဟု ရန်ကုန်မြို့လယ်တစ်ဝိုက် ပိုက်ဆံတောင်းရမ်းနေသော အသက်ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ညှိုးငယ်စွာ ပြောဆိုသံကို ကြားရသည်။
ဒုတိယတန်းတွင် ကျောင်းတက်နေပြီး ကျောင်းဆင်းအပြန်တွင် အလယ်တန်းကျောင်းသူ အစ်မဖြစ်သူ၊ အသက်ခြောက်ဆယ် နီးပါးရှိ အဘွားဖြစ်သူနှင့်အတူ ပိုက်ဆံလိုက်လံ တောင်းရမ်းနေသူ အဆိုပါ ကလေးငယ်သည် သားကောင်များထဲက ဥပမာတစ်ခု ဖြစ်သည်။
ကလေးများ တောင်းရမ်းနေသည့် မြင်ကွင်းအပြင် လူကြီးများက ကလေးငယ်ကို ခါးထစ်ခွင်၍ လည်းကောင်း၊ အမျိုးမျိုးသော ရာသီဥတု ဒဏ်အောက်တွင် ပြသ၍ လည်းကောင်း တောင်းရမ်းရာ ထိုကလေးကို ကလေးလုပ်သား တစ်မျိုးအဖြစ် လူစည် ကားရှုပ်ထွေးရာ နေရာများတွင် တွေ့မြင်နိုင် ပါသည်။ ကိုယ်တိုင်တောင်းရမ်းသော ကလေးများတွင် မိဘကခိုင်းသည်သာမက တစ်စုံတစ်ဦးက ကလေးများကို အုပ်စုဖွဲ့ အုပ်ချုပ်ထားသည်များလည်း ရှိသည်။ ရန်ကုန်မြို့လယ်ရှိ လက်ဖက်ရည်ဆိုင် များတွင် အသက် ၁၅ နှစ်အောက် ယောက်ျားလေးများသည် မိသားစု စီးပွားရေးအတွက် ပညာဆက်လက် မသင်ဘဲ အသက်မွေးဝမ်းကျောင်း အလုပ်လုပ်နေကြသည်။ ကလေးငယ် အများစုမှာ နယ်မြို့ များမှ မိဝေးဖဝေး လာရောက် အလုပ်လုပ်နေသူများ ဖြစ်ကြသည်။ အချို့ကလေးငယ်များသည် ရန်ကုန် ဆိုသည်ကို တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးကြ။ အရဲစွန့်ပြီး လာရောက် အလုပ်လုပ်နေသူများ ဖြစ်ကြသည်။
မြို့ကြီးများတွင် လာရောက် အလုပ်လုပ်နေသည့် ကလေးသူငယ် အများစုအနက် ယောက်ျားလေးများကို လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင် အများဆုံး တွေ့ရပြီး မိန်းကလေးများကို အိမ်အကူ အလုပ်များနှင့် အထည်ချုပ် လုပ်ငန်းများတွင် အများဆုံး တွေ့ရသည်။
သို့သော် မြန်မာနိုင်ငံရှိ ကလေးလုပ်သားဦးရေ စာရင်းကို မည်သည့် အဖွဲ့အစည်းကမျှ မသိရှိကြချေ။ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO တွင်လည်း ယခုအချိန်ထိ စာရင်းအတိအကျ မရှိသေးကြောင်း အဆိုပါ အဖွဲ့ချုပ်မှ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ မစ္စတာစတိဖ် မာရှယ်လ်က ပြောကြားသည်။
ယင်းကြောင့် ကလေးလုပ်သားများနှင့် ပတ်သက်ပြီး ကူညီထောက်ပံ့မှုများ ပြုလုပ်ရန် အခက်အခဲများ ဖြစ်နေကြောင်း၊ စာရင်းပြုစုမှု မရှိသော မြန်မာနိုင်ငံအတွက် အဆိုးရွားဆုံး ခိုင်းစေခံနေရသည့် ကလေး လုပ်သားများ စာရင်းကို ILO က စတင် ကောက်ယူနေပြီ ဖြစ်ပြီး လာမည့်နှစ်တွင် ထုတ်ပြန်သွားနိုင်မည် ဟုလည်း မျှော်လင့်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါ စာရင်းပြုစုခြင်း ပြီးဆုံးလျှင် ဆက်လက်လုပ်ကိုင်ရမည့် ကဏ္ဍမှာ အဆိုးရွားဆုံး ခိုင်းစေခံနေရသည့် ကလေးသူငယ်များကို ကာကွယ်ပေးမည့် ဥပဒေများပြင်ဆင် ရေးဆွဲရန် ဖြစ်သည်ဟုလည်း ၎င်းကဆိုပါသည်။ လက်ရှိတွင် ကလေးသူငယ်များ အလုပ်လုပ်ခြင်းနှင့် ပတ်သက်၍ ထည့်သွင်း ဖော်ပြထားသည့် ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေဟူ၍ တွေ့ရှိရသည်။
ဥပမာအားဖြင့် မြန်မာနိုင်ငံ၏ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေအရ အသက် ၁၃ နှစ်အောက် ကလေးငယ်များသည် အလုပ်လုပ်ခွင့် မရှိကြောင်း သတ်မှတ်ထားသော်လည်း လက်တွေ့ကား အကောင်အထည် ဖော်ဆောင်ရွက်သည်ကို မမြင်မိသေးချေ။ ၁၉၅၁ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေတွင်လည်း လုံးဝစေခိုင်းခွင့် မရှိသူများအဖြစ် အသက် ၁၃ နှစ် မပြည့်သေးသော သူများအား ဆိုင်/ကုန်သွယ် အလုပ်ဌာန (သို့မဟုတ်) အများပျော်ရွှင်ရေး အလုပ်ဌာနများတွင် ခိုင်းစေခြင်း မပြုရဟု ဖော်ပြထားသည်။ တောင်းရမ်း ခိုင်းစေခြင်းကမူ ၂၀၀၃ ခုနှစ်က ပြဋ္ဌာန်းထားသော ကလေးသူငယ် ဥပဒေနှင့် ငြိစွန်းမည် ဖြစ်သည်။
အခြားတစ်ဖက် တွင်လည်း ဥပဒေအတိုင်း အသက်ဝင်ပါက ယင်းကလေး လုပ်သားများကို အသက်မပြည့်၍ အလုပ်မပေးလျှင် ၎င်းတို့၏ မိသားစု ဝမ်းရေးအတွက် မည်သည့်နည်းနှင့် ဖြေရှင်းကြမည် ဆိုသည်ကလည်း ရှိနေပါသည်။
အလုပ်လုပ်ခွင့် မရသော ကလေးငယ်များသည် လူကုန်ကူးခံ သားကောင်များအဖြစ် ရောက်သွားခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်းနှင့်အခြား ရာဇဝတ်မှုများ ကိုယ်တိုင် ကျူးလွန်မိစေရန် အခြေအနေများလည်း ဖြစ်သွားစေနိုင်သည်။
ယင်းကြောင့် အလုပ်လုပ်မည့် ကလေးသူငယ်များအတွက် အနိမ့်ဆုံးအသက်ကို သတ်မှတ်သင့်ပြီး ၎င်းတို့ အသက်အရွယ်နှင့် လုပ်နိုင်သည့် အလုပ်အမျိုးအစားများကို ပြန်လည် ခွဲခြားသတ်မှတ်၍ တရားဝင် အလုပ်လုပ်ခွင့်ရရေးအတွက် လုပ်ဆောင်ပေးသင့်ကြောင်း၊ လုပ်ငန်းခွင် အတွင်းတွင်လည်း လုံခြုံမှုရှိသော မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲ လုပ်ဆောင်သင့်ကြောင်း မစ္စတာစတိဖ်မာရှယ်လ်က သုံးသပ်ပြောဆိုသည်။
ထပ်မံ၍ ဥပဒေပိုင်း ပြင်ဆင်ပြီးပါက ဆက်လက် ဆောင်ရွက်ရမည့် အပိုင်းသည် ကလေးလုပ်သားများအဖြစ် တွန်းပို့နေသော ဇာတ်ဆောင်များကို အသိပညာပေးရန် ဖြစ်သည်။ ယင်းဇာတ်ဆောင်များမှာမိဘ၊ အုပ်ထိန်းသူများနှင့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းပင် ဖြစ်သည်။
အချို့ကလေးသူငယ်များကို အဓမ္မ အလုပ်လုပ်ခိုင်းသူ စာရင်းတွင် တစ်ခါတစ်ရံ မိဘများ ပါဝင်နေသည်။ အကြောင်းရင်းမှာ မိဘများ၏ ပညာရေး ရေချိန် အားနည်းနေခြင်းကြောင့်သော် လည်းကောင်း၊ စီးပွားရေး အကျပ်အတည်းကြောင့်သော် လည်းကောင်း ဖြစ်သည်။
“ကလေးကဒီမှာ မလုပ်ချင်တော့ဘူး ဒါပေမဲ့ သူ့အမေက လမကုန်သေးဘူး၊ ကလေးရဲ့လစာတွေကို နှစ်လစာကြိုပြီး လာထုတ်နေတော့ သူလည်းဒီမှာ ဆက်သောင်တင်နေတယ်” ဟု အသက် ၁၅ နှစ်ခန့် အရွယ် မိန်းကလေးကို အိမ်ဖော်အကူအဖြစ် ခန့်ထားသော အိမ်ရှင်အမျိုးသမီးက ပြောဆိုသည်။
ယင်းအိမ်အကူ ကလေးငယ်သည် ငယ်စဉ် မူလတန်း ကျောင်းသားဘဝ ကတည်းက အတန်းပညာရေးကို ရပ်တန့်ကာ အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ရသည်။ ပညာရေးနှင့် ဝေးကွာခဲ့သည်မှာ ၎င်းတစ်ဦးတည်း မဟုတ်၊ ၎င်း၏ မိဘများကလည်း ပညာရေးနှင့် ဝေးကွာခဲ့သည့်အတွက် သားသမီးအတွက် ကောင်းမွန်စွာ စီမံခန့်ခွဲမှု အားနည်းခဲ့သည်။
ခေတ်စနစ်အရ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကလည်း အခြေခံ လူတန်းစားများအတွက် အခွင့်အရေး နည်းပါးလှသည်။ မသင်မနေရ မူလတန်းပညာရေးဟု ဆိုသော်လည်း လက်တွေ့တွင် အပိုကြေးများနှင့် ပြည့်နေသည်။ ကျောင်းလခ မပေးရသော်လည်း ကျောင်းအရောက်လာရန် ကုန်ကျစရိတ် မြင့်လှသည်။ ယင်းကြောင့် ပညာသင်ကြားရန် ဝန်လေးသူများက ကျောင်းထွက် အလုပ်လုပ်ရသော ကလေးလုပ်သားဘဝသို့ ကူးပြောင်းလာကြရသည်။
ယင်းကြောင့် ပညာရေးစနစ် ပြင်ဆင်ရန် အထူးအရေးကြီးကြောင်း ကလေးလုပ်သား လျော့ပါးရေး စောင့်ကြည့်နေသူ အချို့က ပြောကြားသည်။ မသင်မနေရ အခမဲ့ အခြေခံပညာရေးကို ပီပြင်စွာ အကောင်အထည် ဖော်ရန်မှာလည်း အစိုးရ၏ ပညာရေး အသုံးစရိတ်များ ထပ်မံလိုအပ်ပြန်သည်။
တကယ်တမ်း ကလေးလုပ်သား ပြဿနာသည် လူသားအရင်းအမြစ်ကို ကြီးမားစွာ ခြောက်လှန့်နေသော ပြဿနာဖြစ်သည်။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတိုင်းသည် ယင်းပြဿနာကို ရင်ဆိုင်နေကြရသည်။
သို့သော် အရှေ့တောင်အာရှတွင် စီးပွားရေး ဖွံ့ဖြိုးမှု နောက်အကျဆုံး မြန်မာနိုင်ငံအတွက် ပို၍ကြီးသော ပြဿာနာတစ်ခု ဖြစ်နေခဲ့သည်။ အစိုးရသစ် လက်ထက် ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများက တဖွဲဖွဲဝင် ရောက်လာရာတွင် နိုင်ငံတကာ ကုမ္ပဏီများကြောင့် အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုပေါ်လာနိုင်ပြီး ယင်းအလုပ်များတွင် ပါဝင်လုပ်ကိုင်ကြမည့် ကလေးလုပ်သားများ၏ လုံခြုံရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ခိုင်မာသည့် မူဝါဒများ ပြတ်ပြတ်သားသား ချပေးရမည့် အချိန်ရောက်ရှိနေပြီ ဖြစ်သည်။
လဲ့ရည်မြင့် - The Voice Weekly