Home » » ပန်းတောင်းတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရသူနှစ်ဦး အမိန့်ချ

ပန်းတောင်းတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရသူနှစ်ဦး အမိန့်ချ

Written By Unknown on Friday, September 20, 2013 | 5:46 PM

ပန်းတောင်း၊ စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပန်းတောင်းမြို့တွင် မြို့နယ်လုံးဆိုင်ရာ လယ်သမားဆွေးနွေးပွဲ ပြုလုပ်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင် ဥပဒေပုဒ်မ (၁၈) ဖြင့် တရားစွဲခံရသူများကို စက်တင်ဘာ ၁၉ ရက်နေ့က အမိန့်ချမှတ်ခဲ့ကြောင်း ပန်းတောင်းမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီလ၂ ရက်နေ့က ဘူဘက်ရွာရှိ ဒေါ်ကြည်ဝင်း လယ်ကွင်းတွင် လယ်သမားများနှင့် တွေ့ဆုံကာ ဟောပြော ဆွေးနွေးခဲ့သည့်အတွက် ဦးဆောင်သူ ဦးရဲထင်ကျော်နှင့် လယ်သိမ်းခံရသူ လယ်သမား ဦးထွန်းထွန်းကို ဥသျှစ်ပင် ရဲစခန်းက တရားလိုပြုကာ တရားစွဲဆိုခဲ့ပြီးနောက် ဒဏ်ငွေ သုံးသောင်း (သို့မဟုတ်) ထောင်ဒဏ်သုံးလ ကျခံစေရန် မြို့နယ်တရားသူကြီးက အမိန့်ချမှတ်ခဲ့၍ ဒဏ်ငွေ ကျပ်သုံးသောင်းစီ ပေးဆောင်ခဲ့ကြောင်း တရားစွဲဆို ခံရသူများက ပြောကြားသည်။

တပ်မတော် တပ်ရင်းတပ်ဖွဲ့နှင့် လယ်ယာမြေ အငြင်းပွားနေသော ပန်းတောင်းမြို့နယ်တွင်းမှ လယ်သမားများသည် သမ္မတနှင့် စုံစမ်းရေး ကော်မရှင်သို့ အကြိမ်ကြိမ် တိုင်ကြားသော်လည်း လာရောက် ဖြေရှင်းခြင်း မရှိသည့်အတွက် ရှေ့ဆက်ရမည့် လုပ်ငန်းများကို နိုင်ငံသား အခွင့်အရေးအရ ဆွေးနွေးခြင်းသာ ဖြစ်သည့် အတွက် မိမိတွင် အပြစ်မရှိဟု ဆွေးနွေးပွဲ ဦးဆောင်သူ လယ်သမားအရေး ဆောင်ရွက်သူ ဦးရဲထင်ကျော်က ဆိုသည်။
“အရပ်ဘက် အဖွဲ့အစည်းတွေ၊ တက်ကြွသူတွေကို ပုဒ်မ (၁၈) ပဲဖြစ်ဖြစ် (၅၀၅) (ခ) ပဲဖြစ်ဖြစ် တရားစွဲတာက ဒီမိုကရေစီ လမ်းစဉ်ကို ဟန့်တားနေပါတယ်” ဟု ၎င်းကဆိုသည်။

ပွဲစီစဉ်သူ မဟုတ်သည့်အပြင် ပွဲကို တက်ရောက်ခြင်းမရှိဘဲ ဖိတ်စာတွင်ပါသော ဖုန်းနံပါတ်ကို သက်သေယူပြီး တရားစွဲချိန်တွင် တရားလိုပြသက်သေ ခြောက်ဦးက ဆွေးနွေးပွဲတွင် မိမိကို မတွေ့ရှိကြောင်း ထွက်ချက်ပေးသော်လည်း ယခုလို အမိန့်ချမှတ်ခြင်းသည် တရားမျှတမှု မရှိကြောင်း လယ်သမား ဦးထွန်းထွန်းက ပြောကြားသည်။

ပန်းတောင်းမြို့နယ်တွင် ကပစ (၅) (၆)၊ ကစစ (၁၂) (၂၃)၊ ကထက၊ အမှတ် ၃၀၃၄ အမြောက်တပ်၊ လကတစသည့် တပ်မတော် တပ်ရင်းတပ်ဖွဲ့များ၊ တပ်ပိုင် စက်ရုံများနှင့် မူလလယ်မြေပိုင်ရှင် တစ်ထောင်ကျော်ခန့်တို့ လယ်မြေဧက ၁၉,၃၀၀ ကျော်နှင့် ပတ်သက်ပြီး ပိုင်ဆိုင်မှု အငြင်းပွားနေချိန် ပုဒ်မ၁၈ ဖြင့် တရားစွဲဆိုခြင်းမှာ ပန်းတောင်းမြို့နယ်တွင် ပထမဆုံးဖြစ်သည်ဟု သိမ်းဆည်းခံရသော လယ်သမားများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly