Home » » သမ္မတနဲ့ ဒေါ်စု တွေ့ဆုံ

သမ္မတနဲ့ ဒေါ်စု တွေ့ဆုံ

Written By Unknown on Sunday, September 1, 2013 | 7:12 AM

သမတဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေလည်ပိုင်း နေပြည်တော်မှာရှိတဲ့ သမ္မတရဲ့ လယ်တောဆောင်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အရေးပေါ် တွေ့ဆုံမှုတခုဖြစ်တယ်လို့ စုံစမ်း ကြားသိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောခွင့်ရသူလည်းဖြစ်၊ လွှတ်တော်ကို်ယ်စားလှယ်တဦးလည်းဖြစ်တဲ့ ဦးဝင်းမြင့်ကတော့ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုကို အတည်ပြုပေမယ့်လည်း ဘယ်လို ပုံစံနဲ့တွေ့ဆုံတယ်၊ ဘာကြောင့် တွေ့ဆုံတယ်ဆိုတဲ့  ဆွေးနွေးပွဲအသေးစိတ်ကိုတော့ ထုတ်ပြန်ဖို့မရှိဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

"ဟုတ်ကဲ့ခင်ဗျ။ ဒီနေ့ နေ့လည် ၃ နာရီက တွေ့တယ်ခင်ဗျ။ လယ်ယာခြံထဲမှာရှိတဲ့ သမ္မတအိမ်တော်မှာလေ။ ခါတိုင်း တခြားနိုင်ငံရေး ပါတီတွေ ဘာတွေ တွေ့တဲ့ နေရာလေ။ အဲဒီမှာ- တွေ့တာတော့ သိတယ်။ နောက်တခါ ဆွေးနွေးချက်တွေကတော့ အသေးစိတ်ထုတ်ပြန်မှာ မဟုတ်ဘူး။ အဲဒါတော့ ကျနော်သိတယ်ဗျ။ သမ္မတနဲ့ ကျနော်တို့ ဥက္ကဋ္ဌနဲ့ တွေ့တယ်-အဲဒါပဲ ကျနော်သိတယ်။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့အကြားမှာ သီးခြားတွေ့ဆုံမှုတွေ အရင်ကရှိခဲ့ပေမယ့် အခုတခေါက်အခြေအနေကတော့ လွှတ်တော်နိုင်ငံရေးနဲ့ ဆက်စပ်မယ်လို့ ယူဆမှုတွေအတော်များများရှိပါတယ်။ အထူးသဖြင့်ကတော့ လွှတ်တော်နဲ့ အစိုးရအကြား ဥပဒေပြဌာန်းမှုပိုင်းတွေမှာ အပြန်အလှန် တင်းတင်းမာမာသဘောတွေရှိခဲ့သလို ပြီးခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်နောက်ဆုံးရက်မှာလည်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကနေ မြေသိမ်းယာသိမ်းကိစ္စတွေနဲ့ပတ်သက်လို့ အစိုးရကပိုင်းက အလျင်အမြန် တုံ့ပြန်ကိုင်တွယ်ပေးဖို့ သမ္မတဦးသိန်းစိန်ကို စာရေးသား ပေးပို့ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌအဖြစ်နဲ့ တာဝန်ယူထားပါတယ်ရှင်။

ဗွီအိုအေ (မြန်မာဌာန)