Home » » နိုင်ငံခြားခရီးသွားများကို လုယက်မှုများ ကျူးလွန်နေသဖြင့် Tourist Police များတိုးချဲ့တာဝန်ပေးမည်

နိုင်ငံခြားခရီးသွားများကို လုယက်မှုများ ကျူးလွန်နေသဖြင့် Tourist Police များတိုးချဲ့တာဝန်ပေးမည်

Written By Unknown on Monday, August 5, 2013 | 11:07 PM

ပုဂံဒေသတွင် နိုင်ငံခြားသားခရီးသွားများကို လုယက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသဖြင့် Tourist Police ၂၀ ဦး တိုးချဲ့တာဝန်ချထားပေးမည်ဖြစ်ကြောင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့၊ ပုဂံတပ်ဖွဲ့ စုမှူးက မဇ္ဈိမသို့ ပြောသည်။

သြဂုတ်လမှစတင်ကာ Tourist Police ၂၀ ဦးအား ထပ်မံတာဝန်ချထားပေးမည်ဖြစ်ရာ စုစုပေါင်း Tourist Police ဦးရေ ၅၀ ဦးဖြင့် အထူးစီမံချက်ဖော်ဆောင်ပြီး နိုင်ငံခြားခရီးသွားများထံမှ လုယက်မှုများကို ကာကွယ် ဆောင်ရွက်သွားရန်ရှိကြောင်း ဆိုသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့၊ ပုဂံတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ခိုင်ဝင်းက “အခုလို လုယက်မှုတွေ မကြာခဏဖြစ်ပွားနေတာဟာ ပုဂံဒေသအတွက်ရော နိုင်ငံအတွက်ပါ မကောင်းဘူး။ မဖြစ်ခင်က တားဆီးကာကွယ်နိုင်ဖို့ကို မြို့ဖိမြို့ဖတွေ၊ မြိုနယ်အုပ်ချုပ်ရေးမှူးတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး စီမံချက်တစ်ခုအနေနဲ့ ဆောင်ရွက်သွားဖို့ရှိပါတယ်”ဟု ပြောသည်။

ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များတွင် လူသူကင်းမဲ့သည့်နေရာများတွင်သာ ဖြစ်ပွားလျက်ရှိရာ Tour Package ဖြင့် လာရောက်သည့် ခရီးသွားများသည် Tour ကုမ္ပဏီနှင့် ဧည့်လမ်းညွှန်များပါရှိလာရာ ဖြစ်ပွားခြင်းမရှိဘဲ (F.I.T) တစ်ဦးချင်းခရီးသွားများတွင်သာ ဖြစ်ပွားလျက်ရှိသဖြင့် ဟိုတယ်များနှင့် ခရီးသွားနေရာများတွင် သတိပေးနိုင်ရန်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

သြဂုတ် ၃ ရက် ညပိုင်းကလည်း အလိုတော်ပြည့်ဘုရားသွားရာ လမ်းတွင် ပြင်သစ်သူတစ်ဦး ရိုက်နှက်လုယက်ခံခဲ့ပြီး ယခင်လုယက်မှုများမှာ အလစ်သုတ်လုယက်ရသည့် အဆင့် ဖြစ်သော်လည်း ယခုလုယက်သည့် အဆင့်မှာ ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်းဖြစ်ရာ ပိုမိုအတင့်ရဲလာခြင်းဖြစ်ကြောင်း ပုဂံဒေသခံများက ဆိုသည်။

ပုဂံဒေသဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက “တခြား Tourism Site တွေမှ မဖြစ်ဘဲ ပုဂံမှာပဲ ဒီလိုမျိုးတွေဖြစ်နေတာက ပုဂံဒေသရဲ့ Image အတွက် မကောင်းဘူး။ အရင်တုန်းက ဖြစ်ခဲ့တာတွေကြောင့် မဖြစ်အောင် အားလုံးဝိုင်းဝန်းဆောင်ရွက်နေတဲ့ကြားက ဖြစ်သွားတာ။ Safety ဖြစ်ဖို့ကို ပုဂံဒေသမှာရှိတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲလုပ်ဖို့ ဆောင်ရွက်သွားဖို့ရှိတယ်”ဟု ပြောကြားသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံခြားခရီးသွားများထံမှ ပစ္စည်းလုယက်မှု သုံးကြိမ်၊ မတ်လနှင့် မေလအတွင်းတွင်လည်း ပစ္စည်းလုယက်မှုများ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လအတွင်းတွင်လည်း ထိုင်ဝမ်နိုင်ငံသားများထံမှ ပစ္စည်းများ လုယက်ခံခဲ့ရသည်။

ကမ္ဘာလှည့်ခရီးသွားများ၏ လုံခြုံရေးအတွက် ယခုနှစ် မတ်လမှစတင်၍ ပုဂံဒေသတွင် Tourist Police ၃၀ ဦးဖြင့် စတင်ကာ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြားခရီးသွားများ သွားရောက်လည်ပတ်မှုများသည့် ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တို့တွင်လည်း Tourist Police များ ထားရှိပေးထားသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ခရီးသည် ၀င်ရောက်မှု တစ်သန်းခန့်ရှိသည်။

သီဟကိုကို
Mizzima - News in Burmese