Home » » MNL ဖလားပိတ်ပွဲ မိနစ်(၃၀)အတွင်း ရုန်းရင်း ဆံခတ်ဖြစ်ခြင်း

MNL ဖလားပိတ်ပွဲ မိနစ်(၃၀)အတွင်း ရုန်းရင်း ဆံခတ်ဖြစ်ခြင်း

Written By Unknown on Monday, August 5, 2013 | 2:55 PM

ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းတွင် ကစားမည့် MNL ဖလားပိတ်ပွဲပြိုင်ပွဲမစမှီ အချိန် (၁)နာရီ အလိုခန့်ကပင် ပွဲကြည့်စဉ် တောင်ဘက်ရှိ ရန်ကုန်ပရိတ်သတ်များ နှင့် ပွဲကြည့်စဉ်အနောက်တောင်ဘက်ရှိ နေပြည်တော်ပရိတ်သတ်များ တစ်ဖက်နှင့်တစ်ဖက် ရေသန့်ဗူးများ၊ ကွမ်းတတွေးထုတ်များ၊ ပုလင်းခွံများနှင့် ပစ်ပေါက်ခြင်းများ စတင်ဖြစ်ပွားခဲ့ပါသည်။

ထိုအခြေအနေကို ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်းရှိ လုံခြုံရေးများ (ရဲနှင့်စစ်များမဟုတ်ပါ) နှင့်သာထိန်းသိမ်းခဲ့ပါသည်။

ထိုသို့ထိန်းသိမ်းသော်လည်း ပွဲကြည့်စဉ်မြောက်ဘက်ရှိ ရမ်းကားနိုင်သည့်ပရိတ်သတ်များ သံဇကာများပေါ် ကျော်တက်ကာ ပွဲကြည့်စဉ်အနောက်တောင်ဘက်ရှိ နေပြည်တော်ပရိတ်သတ်များနှင့် ပူးပေါင်းကာ လုံခြုံရေးများတားဆီးနေသည့်ကြားကပင် ဆက်လက် ပစ်ပေါက်ခြင်းများ ပြုလုပ်နေကြပါသေးသည်။

အဆိုတော်များ ဖျော်ဖြေတင်ဆက်ပြီးနောက် ပြိုင်ပွဲစတင် ကျင်းပချိန်တွင် အနည်းငယ်ငြိမ်သက်ခဲ့ပြီး ပြိုင်ပွဲကျင်းပခဲ့ပါသည်။

ပြိုင်ပွဲကျင်းပပြီးမိနစ်အနည်းငယ် အတွင်းတွင်ပင် ရေသန့်ဗူးများပစ်ပေါက်ခြင်း အနည်းငယ် ဖြစ်ပွားပြီးနောက် ပြိုင်ပွဲအတွင်းတွင် ကွင်းလယ်ဒိုင်မှ နေပြည်တော် FC ဂိုးဧရိယာ ထဲတွင် နေပြည်တော်FC ကစားသမားနှင့်ရန်ကုန်ယူနိုက်တက် ကစားသမား တို့ထိခိုက်မိ၍ ပင်နယ်တီပေးခဲ့ရာမှ နေပြည်တော်FC ကစားသမားများနှင့် ကွင်းလယ်ဒိုင်တို့ အချင်းများခဲ့ပါသည်။

ရန်ကုန်ယူနိုက်တက် အသင်းမှ ပင်နယ်တီကန်သွင်းပြီးနောက် ဂိုးရရှိပြီးသွားချိန်တွင် နေပြည်တော်ပရိတ်သတ် တစ်ဦးကွင်းအတွင်းသို့ ခုန်ဆင်းလာပြီး ဒိုင်လူကြီးအား ရန်မူရန် ကြိုးစားခဲ့သည်ကို နေပြည်တော်FC ကစားသမားများ တားဆီးခဲ့ပြီးနောက် ပွဲအားဆက်လက်ကစားခဲ့ပါသည်။

ပွဲဆက်လက်ကစားပြီးအကြာတွင်ပင် ရန်ကုန် ယူနိုက်တက် ဂိုးဧရိယာထိပ်တွင် ကစားသမားများအချင်းများပြီး ရန်ကုန်ယူနိုက်တက် မှ မြန်မာလက်ရွေးစင် ကစားသမား ကြည်လင်းမှာ နေပြည်တော်FC ကျောနံပါတ် ၁၂ အားလိုက်လံထိုးကြိတ်ရာ ကွင်းအတွင်းနေပြည်တော်ပရိတ်သတ် တစ်ဦးထပ်ဆင်းလာပြီး ထိုင်ခုံအကျိုးဖြင့် ရန်ကုန်ယူနိုက်တက် ဂိုးသမားအား ပစ်ပေါက်ခဲ့ပြီး ဂိုးသမားမှ ယင်းပရိတ်သတ်အား လိုက်ထိုးခဲ့ရာ နေပြည်တော်FC ကစားသမားများ တားဆီးခဲ့သည်။

၎င်းပရိတ်သတ်မှာ ကွင်းအတွင်းရှိအခြားပရိတ်သတ် များအား ဆင်းလာရန်ခေါ်သဖြင့် နေရာအနှံ့မှပရိတ်သတ် အယောက် (၂၀) ခန့် ကွင်းအတွင်းသို့ ရောက်ရှိလာပြီးရုန်းရင်းဆံခတ် ဖြစ်သွားခဲ့ပါသည်။ ထိုအချိန်အတွင်းမှာပင် ပရိတ်သတ်များမှာ ပွဲကြည့်စဉ် ထိုင်ခုံများအားရိုက်ခွဲ၍ ကွင်းအတွင်းသို့ပစ်ချခြင်း၊ အမှိုက်ပုံးများရိုက်ခွဲ၍ ပစ်ပေါက်ခြင်းများဆက်တိုက် ဖြစ်ပေါ်လာခဲ့ပါသည်။

ယင်းအခြေအနေကို တာဝန်ရှိသူများမှ ထိန်းသိမ်းခဲ့ပြီး မိနစ်(၃၀)ခန့် တွင် ကွင်းအတွင်းမှပရိတ်သတ်များအား အပြင်ထွက်ရန်လိုက်လံပြောကြားခဲ့ပြီး အဆုံးသတ်ခဲ့ပါသည်။ ထို့နောက်ရဲကားများရောက်ရှိလာပြီး ပရိတ်သတ်များဆူပူမှု မဖြစ်စေရန်လမ်းကြောင်းများ ရှင်းလင်းပြီး လိုက်လံပို့ဆောင်ပေးခဲ့ပါသည်။

( ၁ ) ယခုပြဿနာတွင် ရဲတပ်ဖွဲ့ဝင်လုံခြုံရေးများ ကစားကွင်းအတွင်းမရှိခြင်း

( ၂ ) ထို့အပြင် ကစားသမားများကပါ လိုက်လံထိုးကြိတ်ခြင်းများက ပရိတ်သတ်များအား စိတ်ဆွသလိုဖြစ်ခြင်း

( ၃ ) တာဝန်ရှိသူများမှ ပွဲမစမှီကပင်ဖြစ်ပွားနေသောပြဿနာကြောင့် ရဲတပ်ဖွဲ့ဝင်လုံခြုံရေးများ အဘယ်ကြောင့် မခေါ်ခြင်း

( ၄ ) လူထုအုံကြွမှုပုံစံမျိုးဖြစ်နေသောကြောင့် ပွဲကြည့်ပရိတ်သတ်တစ်ဦးနေဖြင့် အလွန်ပင်ကြောက်ရွံမိပါသဖြင့် နောက်တစ်ခေါက်ဤကဲ့သို့ဖြစ်ရပ်မျိုး မဖြစ်စေရန်တာဝန်ရှိသူများအား တောင်းဆိုပါသည်။

ပွဲကြည့်ပရိတ်သတ်တဦး

by Myanmar News Now