Home » » ကျေးရွာ ၄၃ ရွာ မီးလင်းရေး JICA ကူညီမည်

ကျေးရွာ ၄၃ ရွာ မီးလင်းရေး JICA ကူညီမည်

Written By Unknown on Sunday, August 18, 2013 | 3:53 AM

မန္တလေး၊ သြဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာ ၄၃ ရွာ မီးလင်းရေးအတွက် JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ) က ကူညီပေးရန် အစီအစဉ် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူက The Voice သို့ ပြောကြားသည်။

သပိတ်ကျင်းမြို့နယ်နှင့် ရမည်းသင်းမြို့နယ်တို့တွင် ကျေးရွာမီးလင်းရေးအတွက် လျှပ်စစ်မီးကြိုး...များ သွယ်တန်းပေးမည်ဖြစ်ပြီး လျှပ်စစ်မီး သုံးစွဲရန် ဆင်းရဲနွမ်းပါးသည့် ဒေသများတွင် ဒီဇယ်အင်ဂျင် ၂၄ လုံး ကျေးရွာမီးလင်းရေး ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

သပိတ်ကျင်းမြို့နယ်ရှိ ကြာညှပ်ကျေးရွာ အပါအဝင် ကျေးရွာ ၁၅ ရွာ လျှပ်စစ်မီး သုံးစွဲနိုင်ရေးအတွက် ၆၆ ကေဗီ ဓာတ်အားလိုင်းများ တပ်ဆင်ပေးမည်ဖြစ်ပြီး ရမည်းသင်းမြို့နယ်တွင် ကျေးရွာလေးရွာ ရွာမီးလင်းရေးအတွက် ၁၁ ကေဗီ ဓာတ်အားလိုင်းများ တပ်ဆင်ပေးမည် ဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာမြင့်ကြူက ထပ်မံပြောကြားသည်။
“ဒီဇယ်အင်ဂျင် ၂၄ လုံးက မန္တလေးတိုင်း ၂၃ မြို့နယ်ထဲက အစွန်အဖျားကျပြီး ဆင်းရဲနွမ်းပါးတဲ့ ရွာတွေမှာ တပ်ဆင်ပေးဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးလင်းရေးအတွက် JICA က ပြည်ထောင်စုအစိုးရကို အကူအညီပေးမည့် အစီအစဉ်ထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး အဆိုပါ အကူအညီများ ပေးအပ်နိုင်ရေးအတွက် အစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်း ဝန်ကြီးက ထပ်လောင်းပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် JICA မြန်မာနိုင်ငံရုံးခွဲမှ တာဝန်ရှိသူ ကိုယ်စားလှယ်များ သြဂုတ်လ ၁၄ ရက်နေ့က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၈ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၁၆၈၅ ခုရှိပြီး လာမည့် ၂၀၁၅ ခုနှစ်တွင် ကျေးရွာအားလုံး မီးလင်းရေး အစီအစဉ် ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

The Voice Weekly