Home » » မန်းတွင် ကျပ်သိန်း ၁၅၀ကျော်တန် ကျောက်မျက် ပစ္စည်း ခိုးယူခဲ့သူ တရုတ်နိုင်ငံသား တစ်ဦးကို ဖမ်းမိ

မန်းတွင် ကျပ်သိန်း ၁၅၀ကျော်တန် ကျောက်မျက် ပစ္စည်း ခိုးယူခဲ့သူ တရုတ်နိုင်ငံသား တစ်ဦးကို ဖမ်းမိ

Written By Unknown on Monday, August 19, 2013 | 5:00 PM

ကျောက်မျက်ရတနာ ပစ္စည်း အရောင်း ဆိုင်တစ်ဆိုင်မှ ကျပ်သိန်း ၁၅၀ကျော် တန်ဖိုးရှိ ကျောက်မျက်ရတနာ ပစ္စည်းများကို ယခင်လအတွင်းက ခိုးယူခဲ့သူ တရုတ် နိုင်ငံသားနှစ်ဦး အနက် မှ တစ်ဦးအား သြဂုတ် ၁၅ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ ကြောင်း မန္တလေးတိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ ပြီးခဲ့သည့်ဇူလိုင်လ ၂၆ရက်နေ့တွင်မန္တလေး ၇၃လမ်းပေါ်ရှိ အောင်သပြေကျောက်မျက်ရတနာအရောင်း ဆိုင်သို့တရုတ်လူမျိုးနှစ်ဦး ရောက်ရှိ လာပြီး ပတ္တမြား အပွင့်ထဲမှ အရည်ကောင်းဝယ်ယူကြည့်ရှု့လိုကြောင်း ပြော သဖြင့် ဆိုင်မှ ပြသရာ ၄င်းတို့မှ ပစ္စည်းများကို ကြည့်ရှု့ပြီး ပြန်လည်ထွက်ခွာသွားရာ ၃မီနစ်ခန့်အကြာဆိုင်ရှင်ဒေါ် သင်းသင်းနိုင်မှ ပြသခဲ့သည့် ပစ္စည်းများအား ပြည်လည်စစ်ဆေးရာ နီလာစိန်ပတ်လက်စွပ်တစ်ကွင်း၊ ကျောက်စိမ်း စွဲသီးတစ်ခု ပျောက်ဆုံး နေကြောင်း သိရသဖြင့် အဆိုပါ တရုတ်လူမျိုးနှစ်ဦးအား အရေးယူပေးပါရန် နယ်မြေ ရဲစခန်းအမှတ်(၃)တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ယခုလ ၁၅ရက်နေ့တွင် ခိုးယူ တိမ်းရှောင်နေသော တရုတ်အမျိုးသားအဖွဲ့သည် အိုကေ ကျောက်မျက်ရတနာ အရောင်းဆိုင်တွင် ရောက်ရှိနေကြောင်း သတင်းအရ နယ်မြေရဲစခန်းမှ တာဝန်ရှိ သူများက
သက်သေခံများနှင့်အတူ သွားရောက်ခဲ့ပြီး စခန်းသို့ ခေါ်ဆောက်ကာ တရုတ်ဘာသာပြန်နှင့် အတူ သက်သေများ ရှေ့မှောက်တွင် စစ်ဆေးခဲ့ပြီး ၄င်းတို့ ၃ဦးအနက် JIANG CHANG QING ပတ်စ်ပို့အမှတ်-G60201903 အသက် ၄၃နှစ် ၊ စိုက်ပျိုးရေးလုပ်၊ ချန်ရှားမြို့နယ်၊ ဟူနန်ပြည်နယ်၊ တရုတ်နိုင်ငံနေသူသည် ကျောက်မျက်ရတနာ ပစ္စည်း များ ခိုးယူခဲ့ကြောင်း ၀န်ခံခဲ့ပြီး ခိုးယူစဉ်၎င်းနှင့်ပါသူ တရုတ် လူ မျိုး လောင် စစ်၊ ရှိန်းကျင့်မြို့၊ နေသူသည် တရုတ်နိုင်ငံတွင်ကျန်ရစ်ခဲ့ကြောင်း ခိုးယူခဲ့သော သက်သေခံပစ္စည်း များအား မကာအိုမြို့တွင် တရုတ်ငွေ(၁၀၀၀၀)ဖြင့် ပြန်လည် ထုခွဲရောင်းချခဲ့ကြောင်း
ရဲမှတ်တမ်းများ တွင်ဖော် ပြထားသည်။

ကျန်တရုတ် အမျိုးသားနှစ်ဦးမှာ အမှုနှင့်သက်ဆိုင်ခြင်း မရှိသောကြောင့် နယ်မြေရဲစခန်းအမှတ် ၃ မှ ပြန်လည်လွှတ်ပေးခဲ့သည်။

ထို့ကြောင့် JIANG CHANG QING ပတ်စ်ပို့အမှတ်-G60201903 အသက် ၄၃နှစ၊ စိုက်ပျိုးရေးလုပ်၊ ချန်ရှားမြို့နယ်၊ ဟူနန်ပြည်နယ်၊ တရုတ်နိုင်ငံနေ သူအား (ပ) ၃၀၁/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့်အမှုဖွင့်အရေး ယူထားပြီး တရုတ်နိုင်ငံတွင်ကျန်ရစ်ခဲ့သူအား နှစ်နိုင်ငံမှ တာဝန်ရှိသူများ ပူပေါင်း အရေးယူနိုင်ရန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖိုးလပြည့်
Popular Myanmar News Journal