Home » » ကျိုင်းတုံ ရပ်ကွက်အချို့ ရေလွှမ်း

ကျိုင်းတုံ ရပ်ကွက်အချို့ ရေလွှမ်း

Written By Unknown on Monday, August 5, 2013 | 1:44 PM

ကျိုင်းတုံ၊ သြဂုတ်လ ၎

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် သြဂုတ်လ ၄ ရက် နံနက် ၃ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ရပ်ကွက်အချို့ ရေဖုံးလွှမ်းခဲ့ကြောင်း ယင်းမြို့ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

“မိုးကသဲသဲမဲမဲရွာတယ်။ အဲဒီမှာ ရေတွေက မြောင်းတွေကနေ ကားလမ်းပေါ် ကျော်တက်ပြီး အိမ်တွေထဲအထိ ဝင်ကုန်တယ်” ဟု ရပ်ကွက် (၃) နေ ဦးစိုင်းခမ်းကျောက်က The Voice သို့ ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် တောင်ကျရေသည် ကျိုင်းတုံမြို့၏ ရပ်ကွက် (၂)၊ ရပ်ကွက် (၃)နှင့် ရပ်ကွက် (၄) တို့ အတွင်းသို့ ရေလျှံခဲ့ပြီး ယင်းကဲ့သို့ ဖြစ်ရခြင်းမှာလည်း ရေမြောင်းပေါ်တွင် တည်ဆောက်ထားသည့် တံတားများမှာ ကျဉ်းမြောင်းသဖြင့် ရေကောင်းစွာ စီးဆင်းမှု မရှိသောကြောင့် ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းထိုက်က ဆိုသည်။

“မိုးကြီးလို့ ကျောင်းမြေသား ထိန်းထားတဲ့ အုတ်တံတိုင်း ပြိုကျသွားတာ ၁၀ ပေကျော် လေးခန်း ပျက်စီးသွားတယ်” ဟု ရပ်ကွက် (၄) အတွင်းရှိ အလက(၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနွန်းခမ်းက The Voice သို့ ပြောကြားသည်။

ကျိုင်းတုံမြို့နယ်တွင် ယင်းရပ်ကွက်များသည် နှစ်စဉ် ရေကြီးရေ လျှံကာ နေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်ပေးရကြောင်း ယင်းမြို့နယ်ဒေသခံများနှင့် လူမှုရေး အသင်းအဖွဲ့များက တူညီစွာ ပြောဆိုသည်။

ကျိုင်းတုံမြို့နယ်တွင် သြဂုတ်လ ၄ ရက် နံနက်ပိုင်းက ရွာသွန်းခဲ့သော မိုးရေချိန်သည် ၂ ဒသမ ၁၃ လက်မ ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly