Home » » ဧရာဝတီတိုင်း သာပေါင်းမြို့နယ် ရေကြီးမှုတစ်ပေခန့် လျော့ကျလာ

ဧရာဝတီတိုင်း သာပေါင်းမြို့နယ် ရေကြီးမှုတစ်ပေခန့် လျော့ကျလာ

Written By Unknown on Monday, August 5, 2013 | 1:47 PM

ကျေးရွာအုပ်စုပေါင်း ၇၀ ရှိသည့်အနက် ၅၀ ခန့် ရေကြီးနစ်မြုပ်နေသော ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်နေရာ သုံးရက်အတွင်း ရေ တစ်ပေခန့် ပြန်လျော့သွားကြောင်း အဆိုပါမြို့နယ်မှ တိုင်းလွှတ်တော်အမတ် ဦးဝင်းသိန်းက မဇ္ဈိမသို့ ပြောသည်။

င၀န်မြစ်ရေ မြင့်တက်မှုကြောင့် သြဂုတ် ၁ ရက်တွင် သာပေါင်းမြို့နယ်၌ မြစ်ရေမှတ်၂၀.၂၀ ပေအထိ မြင့်တက်ခဲ့ရာမှ သုံးရက်အတွင်း တစ်ပေခန့် လျော့ကျသွားခြင်းဖြစ်သည်။

၎င်းက “မိုးကတော့ မပြတ်သေးဘူး။ ရေကတော့ နည်းနည်းလျော့တယ်။ စပါးခင်းတွေ ပျိုးခင်းတွေ တချို့တော့ ရေ၀င်သွားတာပေါ့။ သေတော့ မသေလောက်ဘူး ထင်တယ်”ဟု လက်ရှိ အခြေအနေကို ရှင်းပြသည်။

သာပေါင်းမြို့နယ်သည် ဧရာဝတီတိုင်းအတွင်းရှိ ၂၆ မြို့နယ်အနက် ရေကြီးမှုဒဏ် အခံရဆုံး မြို့နယ်တစ်ခုဖြစ်ပြီး ရှစ်နှစ်အတွင်း အများဆုံး ရေတက်ခဲ့သည့် ယမန်နှစ်က ရေမှတ်မှာ၂၃ ပေကျော်အထိ ဖြစ်သည်။

အဆိုပါမြို့နယ်တွင် မူလတန်းကျောင်းပေါင်း ၁၉၀ ကျော်ရှိသည့်အနက် ၈၀ ခန့်မှာ ကျောင်းဝန်းအတွင်း ရေ၀င်ရောက်လျက်ရှိနေပြီး တရားဝင် ကျောင်းပိတ်ခြင်း မရှိသေးပေ။

“တရားဝင်တော့ မပိတ်သေးပါဘူးဗျာ။ ရေတက်လာလို့ တခြားကို ပြောင်းရွှေ့သွားတာတော့ ခွင့်တိုင်ပြီး နေလို့ရတယ်လို့တော့ ပညာရေးမှူးက ခွင့်ပြုထားပါတယ်”ဟု ဦးဝင်းသိန်းက ပြောသည်။

သြဂုတ် ၁ ရက်ကလည်း ရေဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့် တိုင်းလွှတ်တော်ဥက္ကဋ္ဌထံသို့ ဦးဝင်းသိန်းက အကြောင်းကြားစာဖြင့် တင်ပြထားသည်။

ယင်းမြို့နယ်ရှိ မြေအနိမ့်ပိုင်းတွင် ရွာတည်ထားသော အိမ်ထောင်စု သုံးရာကျော်ရှိသည့် ဘုရားနီရွာတွင် အနည်းဆုံး အိမ်ထောင်စု ဆယ်စုခန့်မှာ ရထားလမ်း တာဘောင်များပေါ်သို့ ပြောင်းရွှေ့ နေထိုင်နေရကြောင်း ထိုရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးခင်မောင်တင့်က ပြောသည်။

၎င်းက “မနှစ်ကရေကိုမီဖို့ကတော့ နှစ်ပေကျော် သုံးပေလောက် လိုသေးတယ်။ အခု ပြောင်းရတဲ့အိမ်တွေက လှိုင်းပုတ်တော့ နေလို့မရတော့လို့ သူတို့ပောင်းကြတာ။ အခုတော့ ရေက နည်းနည်းပြန်ကျတယ်”ဟု ပြောသည်။

အဆိုပါဘုရားနီရွာမှ လူ ၁၅၀၀ခန့်သည် ပြီးခဲ့သည့်၂၀၁၂ ခုနှစ် သြဂုတ်လ ရေကြီးစဉ်က ရွာအနီးရှိ ရထားလမ်းဘေး၊ ကျေးရွာ ဆေးပေးခန်းနှင့် ကုန်းမြင့်နေရာတို့တွင် ကိုယ်ထူကိုယ်ထ ရေဘေးရှောင်စခန်း လေးခု ဆောက်လုပ်ကာ နေထိုင်ခဲ့ကြရဖူးသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများ မြန်မာနိုင်ငံ ဒေသအချို့တွင် ဖြစ်ပွားနေပြီး ကယ်ဆယ်ရေးစခန်းများလည်း ဖွင့်လှစ်ထားရပြီး ဖြစ်သည်။

မင်းမင်း
Mizzima - News in Burmese